The network connection is lost.

Banner Image

ဆွစ်ဇာလန်ကို အနိုင်ရပြီးနောက် အင်္ဂလန်ကစားသမားတွေနဲ့အတူ ကပြီး အောင်ပွဲခံခဲ့တဲ့ ဆောက်ဂိတ်

 အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာ ယမန်နေ့ညက ဆွစ်ဇာလန်ကိုအနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ကစားသမားတွေနဲ့အတူ ကွင်းထဲမှာ ကပြီးအောင်ပွဲခံခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အင်္ဂလန်ဟာ ဆွစ်ဇာလန်တိုက်စစ်မှူး အမ်ဘိုလိုရဲ့ ဦးဆောင်ဂိုးကို အရင်ခွင့်ပြုခဲ့ရပြီး နောက်ပိုင်းမှာ ဘူကာယိုဆာကာရဲ့ ချေပဂိုးကြောင့်သာ အချိန်ပိုနဲ့ ပင်နယ်တီအထိ အသက်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းက ၅ ကြိမ်စလုံးဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ၅-၃ နဲ့ ဆီမီးဖိုင်မယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေများနေတဲ့ ဆောက်ဂိတ်အတွက် အင်္ဂလန်နည်းပြဘဝ ၁၀၀ မြောက်ပွဲစဉ်လည်းဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ အသက်-၅၃ နှစ်အရွယ်နည်းပြက "အခုလိုအချိန်မှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒီအလုပ်မှာ သေချာပေါက် ပျော်ရွှင်မှုဆိုတာရှိပါ့မလားလို့ ‌တွေးမိပါတယ်။ ဒါပေမယ့်အခုလို ပျော်ရွှင်စရာအခိုက်အတန့်မှာ မပျော်နိုင်ဘူးဆိုရင်တော့ ဖြုန်းတီးသလိုဖြစ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် အင်္ဂလန်ဟာ တစ်ဖက်က တူရကီကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ နယ်သာလန်နဲ့ တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။

ဆက်လက်ပြီး ဆောက်ဂိတ်က "ကျွန်တော် အသင်းရဲ့ကစားသမားတွေကို ချစ်ပါတယ်။ သူတို့နဲ့ရှိနေရတဲ့ အခိုက်အတန့်ကပျော်စရာကောင်းတယ်။ ကျွန်တော် အင်္ဂလိပ်ဘောလုံးလောကကို တိုးတက်အောင်ကြိုးစားဖို့ ဒီအလုပ်ကို လုပ်ခဲ့တာပါ။ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ အင်္ဂလန်အသင်းကို ယုံကြည်ကိုးစားမှုပြန်ရစေချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့ အခက်အခဲတွေရှိခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မငြင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုက်ခိုက်နေဦးမှာပါ။ တိုက်ခိုက်မှုကို ဘယ်တော့မှမရပ်ပါဘူး။ ကျွန်တော်တို့အခု ဆီမီးဖိုင်နယ်ကိုရောက်ပါပြီ။ ဘယ်အထိ ဆက်သွားနိုင်မလဲ တွေ့ရတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။