The network connection is lost.

Banner Image

ဘန်ချီဝဲလ် ဒဏ်ရာထပ်မံရရှိသွားပြီလို့ အတည်ပြုလိုက်တဲ့ ပိုချက်တီနို

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းရဲ့နောက်ခံလူ ဘန်ချီဝဲလ်ဟာ တံကောက်ကြောဒဏ်ရာပြန်လည် ရရှိသွားတာကြောင့် ပြင်းထန်မှုအခြေအနေကိုစစ်ဆေးဖို့ လိုအပ်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
 
ယနေ့နံနက်အစောပိုင်းက ဘရိုက်တန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ အားထားရတဲ့ နောက်ခံလူ ဘန်ချီဝဲလ်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ကစားသမားရဲ့ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အသင်းနည်းပြ ပိုချက်တီနိုက စိုးရိမ်ပူပန်မှုတွေရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီး အသင်းအတွက်အနိုင်ဂိုးကို ပွဲကစားချိန် ၅၁ မိနစ်မှာ ပယ်လ်မာရဲ့ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး ဂျက်ဆန်က သွင်းယူပေးခဲ့ပြီး ကာလရှည်ကြာဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။
 
ယခုပွဲစဉ်မှာ ပိုချက်တီနိုဟာ အပြောင်းအလဲအများစွာပြုလုပ်လာခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းသို့ရောက်ရှိလာခဲ့တဲ့ ကိုင်စီဒိုနဲ့ ပယ်လ်မာတို့ကို ယူကရိန်းကြယ်ပွင့် မာဒရစ်ခ်နဲ့ ကွင်းလယ်မှာ အတွဲအဖက်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
 
အင်္ဂလန်လက်ရွေးစင်ကစားသမား ဘန်ချီဝဲလ်ဟာ ပွဲချိန်ပြည့်ပါဝင်နိုင်ခဲ့သော်လည်း ပွဲအပြီးမှာမှ ဒဏ်ရာက ပြန်လည်ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ ချီဝဲလ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က လက်စတာမှ ချဲလ်ဆီးသို့ပြောင်းရွှေ့လာခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ယခုအခါလည်း တံကောက်ကြောဒဏ်ရာကြောင့် စစ်ဆေးဖို့လိုအပ်နေပြီလို့ ပိုချက်တီနိုက အတည်ပြုခဲ့ပါတယ်။
 
အသက်-၂၆ နှစ်အရွယ်ရှိ ချီဝဲလ်ရဲ့ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “ချီဝဲလ် ဒဏ်ရာရရှိသွားပါတယ်။ ကျွန်တော်တို့ ဒဏ်ရာအခြေအနေကို မနက်ဖြန်မှာ အကဲဖြတ်သွားမှာပါ။ တံကောက်ကြောဒဏ်ရာပဲဖြစ်ပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။
 
ဒီဇာဘီရဲ့ ဘရိုက်တန်ကိုအနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ဟာ မတ်လ နောက်ပိုင်း ချဲလ်ဆီးအသင်းအတွက် တတိယမြောက်နိုင်ပွဲဖြစ်လာခဲ့ပါတယ်။ အသင်းပိုင်ရှင် တော့ဘိုလီဟာ ချဲလ်ဆီးအသင်းရဲ့ လက်ရှိကစားသမားအသစ်တွေနဲ့ ပတ်သက်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ကူညီရာမှာ ပျက်ကွက်ခဲ့သော်လည်း ပိုချက်တီနိုကတော့ ယခုနိုင်ပွဲကြောင့် အသင်းရဲ့အရှိန်အဟုန်ကိုမြှင့်တင်နိုင်မယ်လို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။
 
၎င်းက “အခုလိုစွမ်းဆောင်ရည်ကောင်းကောင်းနဲ့ နိုင်ပွဲရယူနိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ အသင်းအတွက် အရှိန်အဟုန်မြင့်တဲ့အနာဂတ်ကို ဒီနေ့ကစပြီး တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။အသင်းရဲ့ တိုက်စစ်မှူး သွင်းဂိုး ရယူနိုင်ခဲ့တဲ့အတွက် အရမ်းကျေနပ်ပါတယ်။ သူက ပိုက်ကွန်ကို ခံစားရဖို့လိုအပ်နေခဲ့တာပါ။ ဒီပွဲက သူ့အတွက်အရေးပါတဲ့ ပွဲတစ်ပွဲပါ။ အသင်းရဲ့ကစားသမားတွေအားလုံး ဒီပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အကဲဖြတ်ကြည့်ရမယ်ဆိုရင် သူတို့က အရမ်းကောင်းတဲ့ အဆင့်အတန်းတစ်ခုကို ပြသနိုင်ခဲ့ကြပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။