The network connection is lost.

Banner Image

ဆွန်ဟောင်မင်ကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေအပြိုင်အဆိုင် ကြိုးစားလာ

ဆော်ဒီပရိုလိဂ်ကလပ်အသင်း ၃ ခုဟာ တော့တင်ဟမ်အသင်းခေါင်းဆောင်ဆွန်ဟောင်မင်ကို ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း ၁၂ လ သာကျန်ရှိတော့တာကြောင့် အသင်းအနေနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီ ကစားသမားကိုရောင်းချပြီး အတွေ့အကြုံရင့်တိုက်စစ်မှူးတစ်ဦးကို ပြန်လည်ခေါ်ယူဖို့ ဘဏ္ဍာငွေရှာဖွေလိုနေတယ်လို့သိရပါတယ်။ 

talkSPORT သတင်းဌာနက ဆော်ဒီပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်ကွက်ဆီယာနဲ့ အယ်လ်နာဆာတို့ဟာ တောင်ကိုရီးယားလက်ရွေးစင်ကို အပြိုင်အဆိုင်ပြစ်မှတ်ထားလာတယ်လို့ဆိုပါတယ်။ ဆော်ဒီသတင်းတွေအရတော့ အယ်လ်အာလီဟာ အသင်းရဲ့ဘယ်တောင်ပံကို ပိုမိုအင်အားတောင့်တင်းလာဖို့အတွက် အာရုံစိုက်နေပြီး ဆွန်ဟောင်မင်ကို အဓိကချိတ်ဆက်နေတယ်လို့သိရပါတယ်။ 

အဆိုပါကလပ် ၃ ခုစလုံးဟာ ဆွန်ဟောင်မင်အတွက်ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းအထိပေးချေသွားဖို့အဆင်သင့်ရှိနေတယ်လို့ဆိုပါတယ်။ နောက်လမှာ အသက်-၃၃ နှစ်ပြည့်မြောက်မယ့် ဆွန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်မှာတော့ စုစုပေါင်း ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးအရေအတွက်ဟာ အသင်းသို့စတင်ရောက်ရှိလာတဲ့ ၂၀၁၅-၁၆ ခုနှစ်နောက်ပိုင်း အနည်းဆုံးအရေအတွက်လည်းဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟာ လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့မှာ နယူးကာဆယ်ကို တောင်ကိုရီးယားမှာခြေစမ်းပွဲယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဆွန်ဟောင်မင်ကို အသင်းမှာဆက်လက်ထိန်းသိမ်းထားဖွယ်ရှိပြီး အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးရက်သတ္တပတ်လောက်မှသာ ကစားသမားရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်။