The network connection is lost.

Banner Image

တော့တင်ဟမ်ဘာကြောင့်ရုန်းကန်နေရလဲ ရှင်းပြလိုက်တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က အသင်းအနေနဲ့ လက်ရှိရုန်းကန်နေရခြင်းမှာ အာရုံစူးစိုက်မှုလျော့နည်းခြင်းနဲ့ ဖြစ်ကတတ်ဆန်းနိုင်တဲ့ ကစားပုံတွေကြောင့်ဖြစ်တယ်လို့ ရှင်းပြပြောဆိုလာခဲ့ပါတယ်။  ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောက်သမ်တန်ကို အနိုင်ရခဲ့ပြီးနောက် တော့တင်ဟမ်ဟာ ယခုအချိန်အထိ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရသေးဘဲ ၁၁ ပွဲအတွင်း ရမှတ် ၅ မှတ်သာစုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ဂျီပိုစတီကိုဂလူရဲ့အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း လက်စတာကို ၁-၀ နဲ့ဦးဆောင်နိုင်ခဲ့ပြီးမှ ၁-၂ နဲ့ပြန်လည်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် နည်းပြပိုစတီကိုဂလူအနေနဲ့လည်း သူ့ရဲ့ရာထူးဟာ အန္တရာယ်ဇုန်ထဲမှာ ကျရောက်နေပြီလို့ ဝန်ခံပြောကြားထားခဲ့ပါတယ်။ လက်စတာကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆွန်ဟောင်မင်က “ကျွန်တော်တို့ ပွဲပန်းတာကို အပြစ်တင်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ အသင်းကဒုတိယပိုင်းရောက်မှ ကစားအားတက်လာခဲ့လို့ပါ။ ဒီလိုရုန်းကန်နေရတာ ဖြစ်ကတတ်ဆန်းကစားနေတာကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ဦးချင်းအမှားမျိုးမဟုတ်ပါဘူး။ တစ်သင်းလုံးအမှားလုပ်ခဲ့ကြတာပါ”

“အသင်းက အာရုံစူးစိုက်မှုလည်း ပျောက်ဆုံးနေပါတယ်။ ဒီလိုအခြေအနေဖြစ်နေရင် ပရီးမီးယားလိဂ်ရဲ့ အသင်းတိုင်းက ကျွန်တော်တို့ကို အပြစ်ပေးသွားပါလိမ့်မယ်။ အသင်းအနေနဲ့ ပြင်ပက ဆူညံမှုတွေနဲ့ မလိုအပ်တဲ့ဝေဖန်မှုတွေကို တားဆီးနိုင်ဖို့လိုပါတယ်။ တတ်နိုင်သလောက် အမှတ်တွေပြန်ယူသွားရပါမယ်။ရာသီကုန်ဖို့က အများကြီးလိုနေသေးလို့ အတွေ့အကြုံရှိတဲ့ကစားသမားတွေအနေနဲ့ အခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့ ကြိုးစားသွားရပါမယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာအာရုံစိုက်ပြီး ပွဲစဉ်တိုင်းကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၈ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ လာမယ့် သောကြာနေ့မှာတော့ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆွီဒင်ကလပ် အဲလ်စ်ဘော့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အနိုင်ရလဒ်ကို ပုံဖော်သွားရမှာဖြစ်ပါတယ်။