ဘုန်းမောက်နဲ့ပွဲစဉ်မှာ တည်ကန်ဘောမှတစ်ဆင့်ဂိုးပေးလိုက်ရခြင်းအတွက် အလွန်ဒေါသထွက်မိကြောင်း ပြောကြားလာတဲ့ မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်က သူနဲ့ယူနိုက်တက်အသင်းဖော်တွေဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးပေးလိုက်ရခြင်းအပေါ် အလွန်ဒေါသထွက်နေကြကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ဟာ ဘုန်းမောက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့တာဖြစ်ပြီး ၀-၃ ဆိုတဲ့ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ကာ ဦးဆောင်ဂိုးကိုတော့ တည်ကန်ဘောမှတစ်ဆင့် ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရိုင်ယန်ခရစ္စတီရဲ့ဖြတ်တင်ဘောကို ဒင်းန်ဟူဆန်ခေါင်းတိုက်ရာမှာတစ်ဆင့် ဦးဆောင်ဂိုးစတင်ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂိုးသမား အန်ဒရေအိုနာနာတစ်ယောက် ရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ယူနိုက်တက်အနေနဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း တည်ကန်ဘောမှခွင့်ပြုခဲရတဲ့ ဂိုးအရေအတွက်ဟာ ၁၇ ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ မာတီနက်ဇ်အနေနဲ့ ယူနိုက်တက်ဟာ အခက်အခဲတွေမှ ရုန်းထွက်နိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပေမယ့် လောလောဆယ်မှာတော့ အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အောက်မှာ ရပ်တည်နေရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် ရူဘင်အာမိုရင်ရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာက နော်တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် ၈ မှတ်အထိ ကွာဟသွားပြီလည်းဖြစ်ပါတယ်။ မာတီနက်ဇ်က “တည်ကန်ဘောကနေ ဂိုးပေးလိုက်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းပေါက်ကွဲနေကြပါတယ်။ ကျွန်တော်တို့က တည်ကန်ဘောနဲ့ပတ်သက်ပြီး အထူးလေ့ကျင့်ထားကြလို့ပါ။ တကယ်လို့ သူတို့သာ တည်ကန်ဘောကနေ ဂိုးမရခဲ့ဘူးဆိုရင် ဒီပွဲရဲ့ရလဒ်က သိသိသာသာပဲ ပြောင်းလဲမှုရှိသွားမှာပါ။ ဒီနေ့ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးဖြုန်းတီးပစ်ခဲ့မိပါတယ်။ အသင်းက ဂိုးသွင်းနိုင်ဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန်ပြုလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”
“ဒီကလပ်က ဘယ်လောက်အထိကြီးကျယ်ခမ်းနားတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒီမှာ မျှော်လင့်ချက်တွေက အရမ်းမြင့်မားပါတယ်။ ကျွန်တော်တို့ ကစားပုံကောင်းပေမယ့် ဂိုးတွေတော့ ခွင့်ပြုနေရပါတယ်။ ဂိုးမပေးရဖို့အတွက် ကြိုးစားသွားရပါမယ်။ ပရိသတ်တွေ ကျွန်တော်တို့အပေါ် စိတ်မရှည်တော့ဘူးဆိုတာလည်း သိပါတယ်။ ဒါကိုပြောင်းလဲနိုင်တာလည်း ကျွန်တော်တို့ပါပဲ”
“ဘောလုံးမှာ ဒီလိုတွေဖြစ်နေကျမို့လို့ ဒါကို လက်ခံဖို့တော့လိုပါတယ်။ ကလပ်နဲ့အတူ အောင်မြင်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ထားပါတယ်။ကစားသမားတွေ အချင်းချင်းအပြစ်တင်နေလို့မရပါဘူး။ ကျွန်တော်တို့ အတူတူကျော်ဖြတ်ရပါမယ်။ အတူတူကျရှုံးရပါမယ်။ အခုအသင်းက ဖိအားတွေများနေပြီး ဒီဖိအားတွေက ကျွန်တော်တို့အတွက် တွန်းအားတွေဖြစ်တယ်လို့ ယူဆရပါမယ်။ အသင်းအပေါ်မှာ ယုံကြည်ချက်ရှိနေပြီးသားပါ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဘောက်ဆင်ဒေးအတွင်း နိုင်ပွဲပြန်လည်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။