ကမ်းလှမ်းမှုတော်တော်များများကို ငြင်းဆိုခဲ့ပါတယ်လို့ ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား
ယူနိုက်တက်မှ ထုတ်ပယ်ခံခဲ့ရတာက ၂ နှစ်ကျော် ရှိပြီဖြစ်ပြီး နော်ဝေနိုင်ငံသားနည်းပြက အချို့သောအခြေအနေတွေမှာ နည်းပြဘဝသို့ ပြန်လည်ဝင်ရောက်ရန် အဆင်သင့်မဖြစ်သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၅၀ နှစ်အရွယ် ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ်တွင် ယူနိုက်တက်သို့ ယာယီနည်းပြအဖြစ် မော်ရင်ဟိုရဲ့နေရာကို ဝင်ရောက်လာခဲ့ပါတယ်။
၃ လအကြာ အထင်ကြီးစရာကောင်းတဲ့ စတင်မှုအပြီးတွင် သရဲနီတိုက်စစ်မှူးဟောင်းဟာ အမြဲတမ်းစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၃ နှစ်ကြာ တာဝန်ယူပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဆိုးလ်ရှားဟာ ထုတ်ပယ်ခြင်းခံခဲ့ရပြီး အဲ့ဒီကတည်းက အခြားကလပ်အသင်းကို ကိုင်တွယ်ခဲ့ခြင်းမရှိနေတာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးလ်ရဲ့ Stick to Football သို့ ဆိုးလ်ရှားက မကြာသေးမီကာလမှာ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုအချို့ကို ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်မှာ ကမ်းလှမ်းမှုတွေရှိပေမယ့် အဆင်သင့်မဖြစ်သေးပါဘူး" "မင်းဒီလိုတော့လုပ်ရမယ် ဒီလိုလုပ်ဖို့လိုတယ်လို့ ဘယ်သူကမှ အမိန့်မပေးနိုင်တဲ့ တစ်နေရာရာမှာ ကျွန်တော်ရှိနေပါတယ်" "ဘာလို့လဲဆိုတော့ ယူနိုက်တက်မှာ ရှိနေပြီး သူတို့ကို အုပ်ချုပ်ခဲ့တာပါ။ အကြောင်းအရာအချို့ကို လေ့လာပြီး နောက်တစ်ကြိမ်မှာတော့ ကိုယ်ပိုင်နည်းလမ်းနဲ့ပဲလုပ်ချင်မှာပါ" လို့ ပြောပါတယ်။
ဆိုးလ်ရှားသည် ရာသီအစကတည်းက အလုပ်သစ်ရှာဖွေနေသော်လည်း ရှာမတွေ့သေးတာဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းက ဘက်ဆစ်တပ်စ် နှင့် ချိတ်ဆက်မှုများရှိခဲ့ပြီး ဆော်ဒီအာရေးဗျမှာလည်း ကမ်းလှမ်းမှု ၂ ခုကို ပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နော်ဝေနိုင်ငံသားက "ကျွန်တော့်မှာ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ မကြာသေးမီက ဆော်ဒီအာရေးဗျမှ ကမ်းလှမ်းမှု ၂ ခုရှိခဲ့ပါတယ်" "ကျွန်တော့်ရဲ့ အကောင်းဆုံး မိတ်ဆွေဖြစ်တဲ့ ကျွန်တော့်ရဲ့ အေးဂျင့်က ဒါတွေလုပ်နိုင်ခဲ့ပါတယ်။။ ယူနိုက်တက်ကို ကိုင်တွယ်ပြီးပြီဆိုရင် လက်တွဲလုပ်ဆောင်ချင်တဲ့အရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စံသတ်မှတ်ချက်တွေ ထားရမှာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်ကို ကျွန်တော် နှစ်သက်ပါတယ်" "ချန်ပီယံရှစ်ပြိုင်ပွဲမှာတောင် အရင်ကထက် ပိုအားကောင်းတယ်လို့ ခံစားရပေမယ့် အင်္ဂလန်နဲ့တော့ ချည်နှောင်ထားတယ်လို့ မထင်ပါဘူး။ ယဉ်ကျေးမှုအသစ်ကို တွေ့ကြုံခံစားပြီး ဘာသာစကားအသစ်ကို သင်ယူဖို့လိုအပ်တဲ့ မတူညီတဲ့စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်"
"ကျွန်တော်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ကလပ်ရဲ့ DNA နဲ့ ပုံစံက အရေးကြီးပါတယ်။ ဥပမာ ကာဒစ်ဖ်ကို သွားဖို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တာ ဖြစ်နိုင်ပါတယ်" "ကျွန်တော် အလွမ်းဆုံးအရာကတော့ လူတော်လူကောင်းတွေနဲ့ နေ့တိုင်း တွေ့ဆုံတာ၊ ဘောလုံးအကြောင်း ဆွေးနွေးတာ၊ နောက်ပွဲအတွက် အစီအစဉ်တွေ ချမှတ်တာတွေပါ" "ဖွဲ့စည်းပုံအကြောင်းတင်မကဘူး၊ ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်မှာ ပျော်မွေ့ပြီး အဖွဲ့တစ်ဖွဲ့ကို တည်ဆောက်တဲ့ ယဉ်ကျေးမှုကို ဖန်တီးနိုင်ရမှာပါ" လို့ ပြောပါတယ်။