နည်းပြလောကသို့ပြန်လာဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းနဲ့ ဆွေးနွေးနေတဲ့ ဆိုးလ်ရှား
ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ယူနိုက်တက်မှ ထွက်ခွာပြီးနောက် မည်သည့်အသင်းကိုမှနည်းပြခဲ့ခြင်းမရှိခဲ့ဘဲ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာပြီးကတည်းက ကလပ်အသင်းများနှင့် နိုင်ငံအသင်းများရဲ့ ကမ်းလှမ်းမှုအများအပြားကို ငြင်းပယ်ခဲ့ပါတယ်။
သို့သော်လည်း နော်ဝေနိုင်ငံသားဟာ ယခုရက်သတ္တပတ်အစောပိုင်းက ဘက်ဆစ်တပ်နည်းပြရာထူးနှင့်လွဲချော်ခဲ့ပြီးနောက် နည်းပြလောကသို့ ပြန်လာဖို့ လုပ်နေတာဖြစ်ပါတယ်။ ယခုနှစ်အစောပိုင်းတွင် ဆိုးလ်ရှားက ကလပ်တစ်ခုကိုလက်ခံဖို့အတွက် ထပ်မံစဉ်းစားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပြီး မကြာသေးမီကတန်းတက်လာတဲ့ လက်စတာစီးတီးဟာ အသက် ၅၁ နှစ်အရွယ်နည်းပြကို ဆက်သွယ်ထားတယ်လို့ The Sun က ဖော်ပြထားပါတယ်။
ချဲလ်ဆီးနည်းပြအဖြစ်ထွက်ခွာသွားတဲ့ မာရက်စ်ကာရဲ့နေရာကိုအစားထိုးဖို့ လက်စတာဟာ နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။ ဆိုးလ်ရှားအား လက်စတာအသင်းဥက္ကဋ္ဌက အဆင့်တစ်ခုသတ်မှတ်ထားရပြီး ပြီးခဲ့တဲ့ရာသီ ဒန်စမစ်ထွက်ခွာသွားပြီးနောက် နည်းပြရာထူးအတွက် ထည့်သွင်းစဉ်းစားခဲ့တာဖြစ်ပါတယ်။
ခိုင်မာတဲ့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပေမယ့် နော်ဝေနိုင်ငံသားဟာ မာရက်စ်ကာရဲ့နေရာမှာ အစားထိုးမယ့် ဆန်ခါတင်စာရင်းမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဆိုးလ်ရှားဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက ယူနိုက်တက်အား မော်ရင်ဟိုထံကနေ ယာယီနည်းပြအဖြစ် လက်လွှဲယူခဲ့တာဖြစ်ပါတယ်။
နော်ဝေနိုင်ငံသားဟာ ကလပ်တွင် ရာသီပြည့်ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီတွင် တတိယနှင့် ဒုတိယနေရာများဖြင့် ရာသီပိတ်နိုင်အောင် ဦးဆောင်ခြင်းမပြုမီ အချိန်ပြည့်စာချုပ်ဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ် ၇ ပွဲတွင် ၅ ပွဲ ရှုံးနိမ့်ခဲ့ပြီး ဝက်ဖို့ဒ်အား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်မှာ ယူနိုက်တက်နည်းပြအဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဆိုးလ်ရှားဟာ ယူအီးအက်ဖ်အေရဲ့ နည်းပညာဆိုင်ရာ လေ့လာသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းတွင် လက်စတာဟာ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာကို နည်းပြသစ်ရာထူးအတွက် ချဉ်းကပ်ခဲ့ပြီး စတီဗ်ကော့ပါးကိုလည်း ထည့်သွင်းစဉ်းစားထားကြောင်း သိရပါတယ်။