
ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးပွဲအပြီး အင်တာမီလန်နည်းပြရာထူးကို စွန့်ခွာသွားတဲ့ ဆီမြွန်နီအင်ဇာဂီ
ပြီးခဲ့တဲ့စနေနေ့၊ ပီအက်စ်ဂျီကို ၅-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ကလပ်အသင်းမှ ဆီမြွန်နီအင်ဇာဂီထွက်ခွာသွားပြီလို့ အင်တာမီလန်က အတည်ပြုကြေညာခဲ့ပါတယ်။ ယမန်နေ့၊ ကလပ်အသင်းဝက်ဘ်ဆိုဒ်မှတဆင့် အင်တာမီလန်ပရိသတ်တွေဆီပေးပို့ခဲ့တဲ့ စာတစ်စောင်မှာ အင်ဇာဂီက “ ကျွန်တော့်မှာရှိသမျှအစွမ်းကုန်ပေးဆပ်ခဲ့တဲ့ လေးနှစ်တာကာလအပြီး ဒီကလပ်အသင်းဆီ နှုတ်ဆက်စကားပြောကြားဖို့ အချိန်ကျရောက်လာပါပြီ”လို့ ရေးသားခဲ့ပါတယ်။
သတင်းတွေအရ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်က တစ်ရာသီလုပ်ခလစာ ယူရိုသန်း ၂၀ ထက်မနည်း ရရှိမယ့်ကမ်းလှမ်းမှုတစ်ခုနဲ့အတူ အင်ဇာဂီကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အင်ဇာဂီက ပြီးခဲ့တဲ့နှစ်မှာ အင်တာမီလန်ကို စီးရီးအေချန်ပီယံဖြစ်လာအောင် ဦးဆောင်ပေးခဲ့သလို မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းကို ကြီးကြပ်ခဲ့ပါတယ်။
သူရဲ့လက်ရှိစာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေပါသေးတယ်။ အခုအချိန်မှာတော့ ဇွန် ၁၄ ရက်၊ အမေရိကန်မှာကျင်းပတော့မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အင်တာမီလန်အသင်းကို ဘယ်သူဦးဆောင်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အင်တာမီလန်က ဇွန် ၁၇ ရက်မှာ မွန်တာရေးနဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ အင်တာမီလန်နည်းပြသစ်အဖြစ် ကိုမိုကို စီးရီးအေပြိုင်ပွဲရဲ့အဆင့်-၁၀ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ ဖာဘရီဂတ်စ်ဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။ အင်တာမီလန်ကတော့ အခုဘောလုံးရာသီ၊ စီးရီးအေပြိုင်ပွဲကို ချန်ပီယံနာပိုလီနဲ့ တစ်မှတ်အကွာ၊ ဒုတိယနေရာဖြင့် ပိတ်သိမ်းခဲ့ပါတယ်။