The network connection is lost.

Banner Image

မွန်တာရေးနောက်တစ်ဆင့်တက်မယ်ဆိုတာကို တော်တော်များများက မယုံကြဘူးလို့ ရာမို့စ် ပြောကြား

မွန်တာရေးနောက်ခံလူ ရာမို့စ်က လူတော်တော်များများဟာ မိမိတို့အသင်းနောက်တစ်ဆင့်တက်မယ်ဆိုတာကို မယုံကြည်ကြဘူးလို့ ပြောကြားလိုက်ပါတယ်။ စပိန်သားရဲ့မွန်တာရေးအသင်းဟာ လာမယ့်အင်္ဂါနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အူရာဝါအသင်းကို ၄ ဂိုးပြတ်အနိုင်ရမှုနဲ့အတူ အခြားတစ်ဖက်မှာ အင်တာမီလန်က ရေးဗားပလိတ်အသင်းကို ၂-၀ နဲ့အနိုင်ရခဲ့တာကြောင့် မွန်တာရေးအသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါအောင်မြင်မှုနဲ့ပတ်သက်ပြီး ရာမို့စ်က “ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့အောင်မြင်မှုပါ။ မျှော်လင့်ချက်တွေက မြင့်မားပါတယ်။ တော်တော်များများက ကျွန်တော်တို့နောက်တစ်ဆင့်တက်မယ်ဆိုတာကို သံသယရှိကြပါတယ်။ ကျွန်တော်တို့ စည်းကမ်းရှိရှိကစားခဲ့ပါတယ်။ ဖိအားပေးခဲ့သလို ပြိုင်ဘက်ကွင်းတစ်ဝက်လောက်အထိ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ပြီးတော့ ရလာတဲ့အခွင့်အရေးတွေကို အသုံးချခဲ့ပါတယ်။ 

အခုအခိုက်အတန့် ကျွန်တော်တို့အတွက် သမိုင်းဝင်အခိုက်အတန့်ပါ။ ပြီးခဲ့တဲ့ ၂ ပွဲစလုံးကိုလည်း ကျွန်တော်တို့ သေချာလေးကစားနိုင်ခဲ့သလို ဒီနေ့မှာလည်း ထို့နည်းတူပါပဲ။ အခုတော့ ကျွန်တော်တို့ အနားယူပြီး ပြင်ဆင်ရပါမယ်။ ဒီအသင်းပရောဂျက်မှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒီကိုလွန်ခဲ့တဲ့လအနည်းငယ်ရောက်ကတည်းက ကျွန်တော်အကောင်းဆုံးပေးဆပ်ကစားခဲ့ပါတယ်။

အခုတော့ ၁၆ သင်းအဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ဖိုင်နယ်အထိတက်ချင်ပါတယ်။ လိုချင်တဲ့ရလဒ်မျိုး ကျွန်တော်တို့ရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အခုတော့ တကယ့်စိန်ခေါ်မှုအသစ်တွေစတင်ပါပြီ။ ဒီနေ့ညက ကျွန်တော့်အတွက်ကော အသင်းအတွက်ပါထူးခြားပါတယ်။ အားပေးခဲ့တဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအသင်းကို ကျွန်တော်တို့သွေးသားထဲကနေ သယ်ဆောင်သွားပါမယ်။

အခုအခိုက်အတန့်က အားလုံးအောင်ပွဲခံရမယ့် အခိုက်အတန့်ပါ။ အသင်းရဲ့နှစ် ၈၀ ပြည့်အထိမ်းအမှတ်ကိုလည်း အောင်ပွဲခံရမှာပါ။ အခုလက်ဆောင်က ဒီအဖွဲ့အစည်း ၊ ပရိသတ်တွေကိုပေးတာပါ။ နောက်တစ်ဆင့်တက်ရောက်နိုင်ပြီဖြစ်လို့ ကျွန်တော်တို့ လာမယ့်ပွဲအတွက် ပြင်ဆင်ရပါမယ်”လို့ ရာမို့စ်က ဖြေကြားခဲ့ပါတယ်။

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို အမေရိကကလပ် ၆ သင်းဖြစ်တဲ့ ဘိုတာဖိုဂို ၊ ဖလာမင်ဂို ၊ အင်တာမိုင်ယာမီ ၊ မွန်တာရေး နဲ့ ပါးလ်မီးရက်စ်တို့တက်ရောက်နိုင်ခဲ့ပါတယ်။ အခြားအသင်းတွေဖြစ်တဲ့ ဘိုကာဂျူနီယာ ၊ LAFC ၊ ပါချူကာ ၊ ရေးဗားပလိတ် နဲ့ ဆီယက်တယ်ဆောင်းဒါးတို့တော့ ထွက်ခွာခဲ့ရပါတယ်။