
ယူနိုက်တက်မှာ ဆက်လက်နေထိုင်လိုပါက သင်ယူစရာတွေလိုအပ်နေသေးကြောင်း ဂါနာချိုကို အာမိုရင်သတိပေး
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့တောင်ပံကစားသမားလေး အလီဂျန်ဒရိုဂါနာချိုကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်လိုပါက သင်ယူစရာတွေ အများအပြားကျန်ရှိနေသေးကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။ ဂါနာချိုဟာ အာမိုရင်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ရုန်းကန်နေရတာကြောင့် ယခုနောက်ပိုင်းပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက်ခွင့်မှ မကြာခဏချန်လှပ်ခံထားခဲ့ရပါတယ်။ ကစားသမားဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းသဲ့သဲ့ထွက်ပေါ်နေပြီး အီတလီစီးရီးအေကလပ် နာပိုလီရဲ့ စိတ်ဝင်စားမှုကို ခံထားရတာဖြစ်ပါတယ်။
သတင်းတွေအရ ယူနိုက်တက်ဟာ အာဂျင်တီးနားလက်ရွေးစင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိအလိုရှိနေတယ်လို့လည်းသိရပါတယ်။ ယခုအခါမှာ အာမိုရင်က “သူ့မှာ ပါရမီရှိတယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒါပေမယ့်ဘယ်တောင်ပံမှာပဲမဟုတ်ဘဲ အခြားနေရာတွေမှာ ကစားနိုင်ဖို့လည်း သင်ယူရပါဦးမယ်။ သူ့အနေနဲ့ အထဲထိဝင်ပြီး ပိုကောင်းအောင်ကစားနိုင်သင့်ပါတယ်။ တိုးတက်မှုတွေရှိနေပေမယ့် ဘောလုံးမရှိတဲ့အချိန်တွေမှာတော့ သူ့ရဲ့ကစားပုံက အားနည်းချက်ရှိနေပါတယ်။ တစ်ခါတစ်ရံမှာဆို သူကပုံမှန်ခြေစွမ်းကိုထိန်းသိမ်းဖို့တောင် ရုန်းကန်ရတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားကွက်ထဲမှာ သူ့အနေနဲ့ အကောင်းဆုံးကစားနိုင်ဖို့ အဖြေရှာနေပါတယ်”
“လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူအများကြီးတိုးတက်လာပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် သောကြာနေ့ပွဲမှာတော့ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရပါဦးမယ်။ လာမယ့်ပွဲစဉ်က ပြီးခဲ့တဲ့ပွဲစဉ်တွေထက် ကျွန်တော့်ရဲ့ကစားသမားတွေအကြောင်းကို ပိုသိနိုင်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီပွဲအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။