The network connection is lost.

Banner Image

သူဟာ ယူနိုက်တက်အတွက် စစ်မှန်တဲ့နည်းပြဖြစ်တယ်လို့ အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

အဲရစ်တန်ဟက်နေရာကို အစားထိုးဝင်ရောက်လာတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြသစ် ရူဘင်အာမိုရင်က သူဟာ ယူနိုက်တက်အတွက် စစ်မှန်တဲ့နည်းပြတစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာသို့ရောက်ရှိနေပြီး ကလပ်သမိုင်းတစ်လျှောက် စံချိန်ဆိုးတွေရရှိခဲ့တဲ့ ယူနိုက်တက်သို့ အာမိုရင်စတင်ရောက်ရှိလာခဲ့ပါတယ်။ ပေါ်တူဂီသားလက်ထက်မှာတော့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် အရှုံးမရှိခဲ့ဘဲ ပွဲဦးထွက်မှာ အစ်ဆွစ်ချ်နဲ့သရေကျကာ ဘိုဒိုဂလင့်နဲ့ အဲဗာတန်တို့ကို အနိုင်ရခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့ မနက်မှာတော့ အာမိုရင်အနေနဲ့ ယူနိုက်တက်နည်းပြဘဝ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မလား ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ 

အဆိုပါပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာတော့ အာမိုရင်က “ကျွန်တော်က ယူနိုက်တက်အတွက် စစ်မှန်တဲ့နည်းပြဖြစ်တယ်လို့ယုံကြည်ပါတယ်။ ဒီအလုပ်က ကျွန်တော့်ရဲ့ဘဝကို ပြောင်းလဲသွားစေမှာဖြစ်ပေမယ့် ကျွန်တော့်ကိုတော့ ပြောင်းလဲစေမှာမဟုတ်ပါဘူး။ ယူနိုက်တက်ကို ကိုင်တွယ်ရတာ ပျော်စရာကောင်းသလို၊ အခြားနည်းပြတွေလို အခက်အခဲတွေလည်း အနည်းငယ်ကြုံတွေ့ရတာပါပဲ။ ဒါပေမယ့် ဒီလိုဖိအားတွေက ကျွန်တော့်ကို တိုးတက်စေပြီး ထိန်းချုပ်နိုင်စေတယ်လို့လည်းထင်ပါတယ်။ ရလဒ်တွေကို ကျွန်တော်ထိန်းချုပ်လို့မရပေမယ့် ဘာလုပ်ရမယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိတာ အချိန် ၁ လပင်မပြည့်သေးသော်လည်း ယူနိုက်တက်ပရိသတ်တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းရှိနေပြီဖြစ်ကြောင်းကို အာမိုရင်က “ကျွန်တော်ကနည်းနည်း စိတ်လှုပ်ရှားလွယ်တဲ့လူတစ်ယောက်ဖြစ်လို့ အင်တာဗျူးတွေမှာတောင် အမှားမှား အယွင်းယွင်းဖြစ်တတ်ပါတယ်။ အရင်နည်းပြဟောင်းနဲ့လည်း ကွာခြားချက်တွေရှိနေမယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်းပဲ ကိုယ့်ကိုယ်ကိုယ်ယူနိုက်တက်အတွက် စစ်မှန်တဲ့နည်းပြဖြစ်တယ်လို့ ပြောတာပါ”

“ပရိသတ်တွေကတော့ နည်းပြသစ်က အသင်းအတွက်စစ်မှန်မယ်လို့ထင်ကြတာပါပဲ။ နည်းပြတစ်ယောက်အနေနဲ့ နည်းဗျူဟာတွေနဲ့ ဦးဆောင်မှုတွေမှာ တော်ရင်တော်ကြပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေ၊ ပရိသတ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။ ကျွန်တော်က အဲဒီလိုလူမျိုးပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်နဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က “အာဆင်နယ်က လက်ရှိကျွန်တော်တို့ကစားထားတဲ့ အသင်းတွေအားလုံးထက် ပိုကောင်းပါတယ်။ ဒါပေမယ့် ပွဲစဉ်တိုင်းက ခက်ခဲနေတာပါပဲ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အဲဗာတန်ကို ၄-၀ နဲ့နိုင်ခဲ့ပေမယ့် ကျွန်တော်ကြည့်တဲ့ ရှုထောင့်ကနေကြည့်မယ်ဆိုရင် ခက်ခဲတဲ့ပွဲစဉ်ဆိုတာ သိပါလိမ့်မယ်။ အခုချိန်က အရာရာမှာ စမ်းသပ်ခံနေရတဲ့အချိန်ပါ။ အထူးသဖြင့် ကျွန်တော်တို့မှာ လေ့ကျင့်ချိန်အများကြီးမရှိတော့ ပိုပြီးတောင် အစမ်းသပ်ခံနေရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အဲဗာတန်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပုံပေါ်တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်းကိုလည်း အာမိုရင်က “သူက ကစားဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီမနက်မှာ သူနဲ့တွေ့ပြီးပါပြီ။ သူက သိပ်ပြီးအနားယူစရာမလိုတဲ့ လူတစ်ယောက်ပါ။ အမြဲတမ်း နောက်ပွဲစဉ်အတွက် အဆင်သင့်ပြင်ထားတတ်ပါတယ်။ မနက်ဖြန်မနက် လေ့ကျင့်ရေးအစီအစဉ်မှာတော့ ဘယ်ကစားသမားတွေအနားယူဖို့လိုအပ်ဦးမလဲ စောင့်ကြည့်သွားရပါမယ်” လို့အသိပေးပြောကြားခဲ့ပါတယ်။