The network connection is lost.

Banner Image

ယူနိုက်တက်ရဲ့ ပေါင် ၂ ဘီလီယံတန် ကွင်းသစ်စီမံကိန်းနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့အဓိကရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ဦးဆောင်မှုနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းသစ်ဆောက်လုပ်မယ့် အသင်းရဲ့စီမံကိန်းအပေါ် သူ့ရဲ့အမြင်ကို ပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ လက်ရှိအသင်းရဲ့အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးကို ဖြိုဖျက်ပြီး ပရိသတ် ၁ သိန်းဆန့် ကွင်းသစ်ကြီးကို ဆောက်လုပ်ဖို့ပြင်ဆင်နေကာ လောလောဆယ်မှာတော့ အဆိုပါကွင်းကိုဆောက်လုပ်ဖို့ ပေါင် ၂ ဘီလီယံအထိ ကုန်ကျသွားမယ်လို့ သိရပါတယ်။ အင်္ဂါနေ့ညပိုင်းမှာတော့ ယူနိုက်တက်ဟာ ကွင်းသစ်စီမံကိန်းကို ဗီဒီယိုနဲ့တကွ ဖော်ပြထားခဲ့ပြီး အဆိုပါ ၂ မိနစ်ကြာဗီဒီယိုထဲမှာ ကလပ်ဂန္ထဝင် ဂယ်ရီနဗီးလ်က ရှင်းပြပြောဆိုမှုတွေပြုလုပ်ထားပါတယ်။ ယူနိုက်တက်ပရိသတ်အချို့က အဆိုပါကွင်းရဲ့ပုံစံကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ပြောကြားထားသလို၊ ယခုအခါမှာ အာမိုရင်ကလည်း ကွင်းသစ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောကြားလာခဲ့ပါတယ်။ 

ပေါ်တူဂီသားနည်းပြက “ဒီကွင်းကြီးက အံ့မခန်းကွင်းကြီးပါ။ ဒီလိုပဲဖြစ်သင့်ပါတယ်။ ဒါပေမယ့် ဒါကိုပြီးဆုံးအောင်ဆောက်လုပ်ဖို့ ၅ နှစ်တောင်ကျန်နေသေးလို့ ကျွန်တော်လို့ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားရပါမယ်။ လက်ရှိအိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှုတွေဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အသက်-၄၀ နှစ်အရွယ်နည်းပြက သူနဲ့ ကလပ်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်တို့အကြား ဆက်ဆံရေးအခြေအနေကို ပြောကြားလာခဲ့ပါတယ်။ အာမိုရင်က “ကျွန်တော်တို့စတွေ့တဲ့နေ့ကတည်းက အရာရာအဆင်ပြေခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ရိုးရိုးသားသားပဲ ပြောဆိုဆက်ဆံကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံစံက တူတာများပါတယ်။ ဆာဂျင်မ်ရက်ကလစ်ဖ်တို့ ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ကျွန်တော်အမြဲတမ်းခံစားရပါတယ်။ ကျွန်တော်တို့ဘာတွေပြောကြသလဲဆိုတာတော့ အသေးစိတ်ပြောပြလို့မရပါဘူး။ ရှင်းရှင်းလင်းလင်းနဲ့ ရိုးသားတယ်ဆိုတာပဲ ပြောနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့နံနက်မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ပထမအကျော့မှာ ၁-၁ နဲ့သရေကျထားခဲ့တာကြောင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်ဖို့ ယခုပွဲစဉ်မှာ မဖြစ်မနေနိုင်ပွဲရရှိသွားဖို့လိုအပ်နေပါတယ်။