The network connection is lost.

Banner Image

ဦးဆောင်ခွင့်တွေ ဆုံးရှုံးနေရခြင်းဇစ်မြစ်ကို မန်စီးတီးအသင်းရှာဖွေနေပြီလို့ ဆိုလိုက်တဲ့ နသန်အကီ

ရီးရဲလ်မက်ဒရစ်ဆီ နောက်ကျဂိုးနှစ်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ပွဲစဉ်ဦးဆောင်ခွင့်တွေ အကြိမ်ကြိမ်ဆုံးရှုံးနေရခြင်းအတွက် အကြောင်းရင်းကို မန်စီးတီးအသင်း ရှာဖွေနေပြီလို့ နသန်အကီက ပြောခဲ့ပါတယ်။ အင်္ဂါနေ့၊ အီတီဟတ်ကွင်းပွဲစဉ်မှာ မန်စီးတီးက သာမန်ပွဲကစားချိန်ပြည့်မြောက်ဖို့ လေးမိနစ်သာလိုအပ်တော့ချိန် ရီးရဲလ်မက်ဒရစ်ကို ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘရာဟင်ဒီယက်ဇ်နဲ့ ဘယ်လင်ဟမ်တို့ရဲ့ဂိုးတွေက ရီးရဲလ်မက်ဒရစ်အတွက် အသာစီးရရှိစေခဲ့ပြီး အခုလိုပွဲချိန်နှောင်းပိုင်းပြိုလဲမှုဟာ ခံရခက်စေသလို စိတ်ပျက်မိစေတယ်လို့ အကီက ဝန်ခံပြောဆိုခဲ့ပါတယ်။ အကီက “ ၂-၁ ဂိုးနဲ့ဦးဆောင်ထားချိန် ပွဲချိန်နောက်ဆုံးငါးမိနစ်လောက်မှာ ဒီဦးဆောင်မှုကိုဆုံးရှုံးရခြင်းက စိတ်ပျက်ဖို့ကောင်းသလို ခံရခက်စေပါတယ်။

အရိုးသားဆုံးပြောရရင် ဒါက ခက်ခဲလွန်းပါတယ်။ အခုဘောလုံးရာသီမှာ ဒီလိုမျိုးတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတာကို ကျွန်တော်တို့လည်း အဖြေရှာနေပါတယ်။ အချို့ပွဲစဉ်တွေမှာ အခွင့်အရေးသေးသေးလေးတွေကို လက်လွှတ်ပေးထားလိုက်လို့ ရပေမယ့် အခုလိုပွဲစဉ်မျိုးတော့ လက်လွှတ်ပေးလိုက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်မက်ဒရစ်က ထိပ်တန်းကလပ်အသင်းတစ်ခု ဖြစ်နေလို့ပါ။ နောက်ပွဲစဉ်လည်း ရောက်လာတော့မှာဖြစ်လို့ ကျွန်တော်တို့တွေ အဆင်သင့်ဖြစ်နေရပါမယ်”လို့ ပွဲစဉ်အပြီးမှာ ပြောပါတယ်။

မန်စီးတီးက အခုဘောလုံးရာသီမှာ အနိုင်ရရှိနေတဲ့အခြေအနေတွေကို လက်လွှတ်ပစ်တဲ့ ပွဲစဉ်အချို့ရှိခဲ့ပါတယ်။ သူတို့တွေက စပို့တင်းလစ္စဘွန်း၊ ဖီယင်နု၊ ပီအက်စ်ဂျီတို့နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဦးဆောင်ခွင့်တွေ လက်လွှတ်ပစ်ခဲ့သလို ယူနိုက်တက်၊ ဘရန့်ဖို့ဒ်တို့ကိုလည်း နောက်ကျသွင်းဂိုးတွေနဲ့အတူ ရလဒ်ကောင်းတွေ ဖန်တီးနိုင်အောင် ခွင့်ပြုပေးခဲ့ပါတယ်။

အကီက “ အခုဘောလုံးရာသီမှာ ဒီလိုအဖြစ်အပျက်တွေ အနည်းငယ်ရှိခဲ့ပါတယ်။ကျွန်တော်တို့ ဒီအချက်ကို သင်ခန်းစာမယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် တက်နိုင်သမျှအမြန်ဆုံးသင်ယူသွားဖို့ လိုအပ်ပါတယ်။ ဒီလိုကစားသမားကောင်းတွေနဲ့ရင်ဆိုင်ပြီး အခွင့်အရေးတွေ ခွင့်ပြုသွားရပါလိမ့်မယ်။ သူတို့ရဲ့တိုက်စစ်ပိုင်းမှာ ထိပ်တန်းကစားသမားကောင်းတွေ ပါဝင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ နောက်ခံလူတွေအဖြစ်၊ အသင်းတစ်ခုအဖြစ် စုစုစည်းစည်းနဲ့ အကောင်းဆုံးခုခံကာကွယ်သွားနိုင်ဖို့ လုပ်ဆောင်ရမယ်ဆိုတာ ထင်ရှားပါတယ်။ ပွဲချိန်အများစုမှာတော့ ကျွန်တော်တို့တွေ ပြိုင်ဘက်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့က ၂-၁ ဂိုးဖြင့်ဦးဆောင်ထားမှုကို လက်လွှတ်ပစ်ခဲ့ပါတယ်။ ဒါက အဓိကအချက်ပါပဲ”လို့ ပြောပါတယ်။ အခုလိုအိမ်ကွင်းပထမအကျော့ရှုံးနိမ့်မှုကြောင့် လာမယ့်သီတင်းပတ်၊ ဘာနေဗျူးကွင်းဒုတိယအကျော့မတိုင်ခင် မန်စီးတီးအတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက်ေ၀ဝါးလာခဲ့ပါတယ်။ သူတို့တွေက မက်ဒရစ်မြေဆီ ခရီးမထွက်ခွာခင် စနေနေ့မှာ နယူးကာဆယ်နဲ့ ပွဲကျပ်တစ်ခုကို ရင်ဆိုင်သွားရပါမယ်။ ဒါပေမယ့် အကီကတော့ မန်စီးတီးအသင်း ကျော်ဖြတ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူက “အမှန်ပါပဲ၊ အဲ့ဒီမှာ ရည်မှန်းချက်တစ်ခုပဲရှိပါတယ်။ ဒီနေ့ပွဲစဉ်ရဲ့အချို့ကဏ္ဍတွေမှာဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ဘာလုပ်နိုင်သလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။အခွင့်အရေးတွေဖန်တီးပြီး ကောင်းမွန်တဲ့ကစားဟန် ပြသနိုင်ခဲ့ပါတယ်။အသေးစိတ်အချက်အလက်လေးတွေကိုသာ မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့တွေ ဖြတ်သန်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။