ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်မှာ ပုံမှန်နေရာပြန်ရဖို့ ဘယ်လိုလုပ်ရမလဲ ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှာ ပုံမှန်နေရာရဖို့ရုန်းကန်နေရတဲ့ ကြယ်ပွင့်တိုက်စ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ ပြန်လည်ကစားခွင့်ရဖို့ ဘာတွေလုပ်သွားရမလဲဆိုတာ အကြံပေးပြောကြားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်အကြာက မန်နေဂျာဟောင်း အဲရစ်တန်ဟက်ဟာ ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့အစည်းအဝေးကိုနောက်ကျခဲ့မှုကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့ဖူးပြီး အစည်အဝေးအပြီး နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ခြေစွမ်းပြပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။
လက်ရှိအာမိုရင်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ အခြေအနေကလည်း အဆိုပါအဖြစ်အပျက်နဲ့ တိုက်ဆိုင်မှုရှိနေပြီး ကစားသမားအနေနဲ့ လာမယ့်ပွဲစဉ်တွေ ပြန်လည်ကစားခွင့်ရချိန်မှာ ခြေစွမ်းပြန်လည်ပြသသွားနိုင်မလား စောင့်ကြည့်သွားရပါမယ်။ အာမိုရင်ဟာ အင်္ဂလန်သားကို ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲစလုံးမှာ ချန်လှပ်ထားခဲ့တာဖြစ်ပြီး ကစားသမားကလည်း အသင်းကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုကြောင်းပြောကြားထားတာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာနိုင်ချေရှိနေတာဖြစ်ပါတယ်။ ယခုအခါမှာကတော့ ပေါ်တူဂီသားက ရက်ရှ်ဖို့ဒ်ဟာ ပြန်လည်ကစားဖို့စိတ်အားထက်သန်နေကြောင်းနဲ့ သူ့အနေနဲ့လည်း အင်္ဂလန်သားကို ကစားခွင့်ပြုဖို့ ဆုံးဖြတ်နိုင်ကြောင်းကို ပြောကားလာခဲ့ပါတယ်။
ပေါ်တူဂီသားက “ကျွန်တော်သူနဲ့ နေ့တိုင်းစကားပြောဖြစ်ပါတယ်။ အဲဒီအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြောတာပါ။ သူ့ကို ထုတ်ပယ်ထားတာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ။ သူကလည်း ကစားချင်စိတ်ရှိပြီး ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြန်ရှုံးသွားပါလိမ့်မယ်။ ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ကိုချန်လှပ်ထားခြင်းက အခြားကစားသမားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသလားဆိုတဲ့ မေးခွန်းကို အာမိုရင်က “ကျွန်တော့်အတွက်ရော ကစားသမားတွေအတွက်ပါ ဒါက အကျိုးသက်ရောက်မှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးမှာ နားလည်မှုရှိနေကြလို့ပါ။ အရေးကြီးတာ ဒါပါပဲ။ မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကိုတော့ ကျွန်တော်ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော့်အသင်းကိုတော့ ထိန်းချုပ်နိုင်ပါတယ်။
ကျွန်တော် ရက်ရှ်ဖို့ဒ်ဆီကနေ ဘာလိုချင်နေသလဲဆိုတာ လေ့ကျင့်ရေးကွင်းက လူတိုင်းသိပါတယ်။ သူ မပါဝင်တာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပေမယ့် မီဒီယာအတွက်တော့ ပြဿနာဖြစ်ရင်ဖြစ်နေမှာပေါ့။ ဒါကလည်း ကျွန်တော်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က “တကယ်လို့ ကစားသမားတစ်ယောက်မှာ ကောင်းမွန်တဲ့ပါရမီ၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အသင်းဖော်တွေကို တွန်းအားပေးနိုင်တဲ့ အရည်အချင်းမျိုးရှိရင် ယူနိုက်တက်မှာ ကစားဖို့အဆင်သင့်ဖြစ်နေမှာပါပဲ။ ဒီလိုအသင်းမျိုးမှာကစားဖို့က ကြီးမားတဲ့တာဝန်ပါ။ လက်ရှိအချိန်မှာတော့ အသင်းက အနိမ့်ကျဆုံးအချိန်ကိုရောက်နေပါတယ်။ ဒါကိုရင်ဆိုင်ပြီး ပိုမိုသန်မာလာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရပါမယ်။ အသင်းရဲ့ကစားသမားတွေဆီက ကျွန်တော်လိုချင်တာ ဒါပါပဲ” လို့ပြောကြားခဲ့ပါတယ်။