The network connection is lost.

Banner Image

ယူနိုက်တက်က တူချယ်ကို ချိတ်ဆက်ခဲ့ပေမယ့် သူ့ကိုပဲဘာကြောင့် ဆက်လက်ခန့်အပ်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ဆက်လက်ခန့်အပ်ခံခဲ့ရတဲ့ အဲရစ်တန်ဟက်က အသင်းဟာ တူချယ်ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ဘာကြောင့်သူ့ကိုပဲ အသင်းမှာ ဆက်လက်တာဝန်ယူစေခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ တန်ဟက်ကို အသင်းကနေ ထုတ်ပယ်တော့မယ်လို့ လပေါင်းများစွာ ကာလရှည်ထင်ကြေးပေးခံခဲ့ရပေမယ့် ရာသီကုန် သုံးသပ်ချက်တွေပြုလုပ်ပြီးနောက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နယ်သာလန်သားဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကိုအနိုင်ယူပြီး အက်ဖ်အေဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ တိုးတက်မှုရှိတယ်လို့ယူဆပြီး လာမယ့် ၂၀၂၄-၂၅ ရာသီမှာ ဆုဖလားတွေထပ်မံဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

သို့သော်လည်း ယူနိုက်တက်ဟာ တန်ဟက်ကို ဆက်လက်ခန့်အပ်ဖို့မဆုံးဖြတ်ခင်မှာ အစားထိုးဖို့ဖြစ်နိုင်ချေရှိတဲ့ နည်းပြအများအပြားကို ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း သောမတ်စ်တူချယ်ကို ကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုတွေပါပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ တန်ဟက် “ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်မှမဟုတ်ပါဘူး။ တကယ်တော့ ဒီကိစ္စက တစ်ရာသီလုံးရှုပ်ထွေးနေခဲ့တာပါ။ ယူနိုက်တက်မှာဆို ဘယ်တော့မှမပျင်းရပါဘူး။ ပြီးခဲ့တဲ့အပတ်မှာတော့ ကျွန်တော့်ကို အသင်းနဲ့အတူ ရှေ့ဆက်သွားဖို့ သူတို့မက်ဆေ့ပို့ခဲ့ကြပါတယ်။ ဒါက တိကျတဲ့တွက်ချက်မှုတွေကနေ ထွက်ပေါ်လာတဲ့ ထက်မြက်တဲ့ဆုံးဖြတ်ချက်တစ်ခုပြီး ဘယ်အဖွဲ့အစည်းမှာမဆို ဒီလိုပဲဖြစ်သင့်ပါတယ်။ ယူနိုက်တက်က သောမတ်စ်တူချယ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်ဆိုတာ ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။ ဒီမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေက နယ်သာလန်မှာနဲ့ မတူပါဘူး။ အဆုံးမှာတော့ သူတို့က ကျွန်တော့်ကို အသင်းအတွက် အကောင်းဆုံး နည်းပြဖြစ်မယ်လို့ယူဆပြီး ဆက်လက်ခန့်အပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်က သူ့ရဲ့လက်ရှိစာချုပ်ကို သက်တမ်းတိုးဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းကို “သူတို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ နိဂုံးချုပ်မှာ ကျွန်တော်တို့ရဲ့စာချုပ်ကို သက်တမ်းတိုးဖို့ဆွေးနွေးခဲ့ပါတယ်။ အခုချိန်အထိတော့ သဘောတူညီချက်မရသေးပါဘူး။ ဆွေးနွေးနေဆဲဖြစ်ပါတယ်”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ တန်ဟက်အနေနဲ့ ၂၀၂၇ ခုနှစ်အထိ အသင်းကို ဆက်လက်ကိုင်တွယ်သွားမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖွယ်ရှိနေပါတယ်။ ဒီလိုစာချုပ် ချုပ်နိုင်ခဲ့မယ်ဆိုရင် နယ်သာလန်သားရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂတ်ဟာ လုံခြုံနိုင်တယ်လို့ ယူဆလို့ရသော်လည်း နောက်ပိုင်းမှာ အသင်းကို ရလဒ်နဲ့ စွမ်းဆောင်ရည်ကောင်းတွေမပေးနိုင်လို့ ဖိအားတွေထပ်မံဝင်ရောက်လာခဲ့ရင်လည်း ယူနိုက်တက်မှာ ဒီလိုအဖြစ်မျိုးက အံ့ဩစရာတော့မဟုတ်ပါဘူး။