ယူနိုက်တက်အပေါ် ရော်နယ်ဒိုရဲ့ဝေဖန်မှုကို အာမိုရင်တုံ့ပြန်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က မကြာသေးမီက အသင်းကို ဝေဖန်ပြောဆိုလာခဲ့တဲ့ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုကို တုံ့ပြန်ပြောဆိုမှုတွေပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပီးယာ့စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက်အနေနဲ့ မှန်ကန်တဲ့ဖွဲ့စည်းတည်ဆောက်ပုံမရှိခဲ့ကြောင်းနဲ့ လမ်းကြောင်းမှန်ပေါ်ကနေ လွဲချော်နေကြောင်း ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခုအခါ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က "သေချာတာကတော့ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့စကားက ဘယ်လောက်အထိအကျိုးသက်ရောက်နိုင်သလဲဆိုတာ သူသိမှာပါ။ ကျွန်တော်တို့ အခုချိန်မှာ အာရုံစိုက်ဖို့လိုအပ်တာက အနာဂတ်ကိုပါ။ အတိတ်မှာ အသင်းက အမှားတွေအများကြီးလုပ်ခဲ့တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော်တို့ဒါတွေကိုပြောင်းလဲဖို့ ကြိုးစားနေပါပြီ"
"ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အာရုံစိုက်နေမယ့်အစား ဘာတွေဆက်လုပ်ကြမယ်ဆိုတာကိုပဲ အာရုံစိုက်သင့်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့တည်ဆောက်ပုံတွေကို အများကြီးပြောင်းလဲခဲ့ပြီးပါပြီ။ ကစားသမားတွေကို ကျွန်တော်တို့လိုချင်တဲ့အတိုင်း ပုံသွင်းနေပါတယ်။ တိုးတက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ အတိတ်ကို မေ့ထားလို့ရတဲ့အခြေအနေရောက်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီအစမှာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကလိုပဲ ဆက်လက်ရုန်းကန်ခဲ့ရပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေပါ စောစောစီးစီးနုတ်ထွက်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ တိုးတက်မှုတွေပြန်လည်ပြသထားနိုင်ကာ ပရီးယားလိဂ် ၃ ပွဲဆက်နိုင်ခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ နော်တင်ဟမ်ဖောရက်စ်ကို သရေကျထားခဲ့ပါတယ်။
ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ယူနိုက်တက်ဟာ ၁၀ ပွဲကစားပြီးချိန် ၁၆ ဂိုးအထိခွင့်ပြုထားရပြီး ဂိုးမပေးရတဲ့ပွဲ ၁ ပွဲသာရှိသေးတာကြောင့် အာမိုရင်က အသင်းရဲ့နောက်တန်းကို တိုးတက်ဖို့အတွက်ကြိုးစားသွားရဦးမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက်-၄၀ နှစ်အရွယ် ပေါ်တူဂီသားနည်းပြက "အရာရာတိုင်းက ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့လက်ရှိပေးနေရတဲ့ဂိုးတွေကို ဆက်ပေးနေလို့မရပါဘူး။ ကျွန်တော်တို့ ခံစစ်မှာတိုးတက်ဖို့လိုနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာတော့ယူနိုက်တက်ဟာ ရမှတ် ၁၇ မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပြီး လာမယ့်စနေနေ့မှာတော့ ခက်ခဲတဲ့ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။