
ယူနိုက်တက်မှာ လူငယ်တွေကို နေရာပေးသွားမယ်လို့ အာမိုရင်အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လူငယ်ကြယ်ပွင့်ကစားသမားလေးတွေကို အသင်းမှာ နေရာပေးအသုံးပြုသွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပြီး ဟောင်ကောင်နဲ့ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ ချီဒိုအိုဘီနဲ့ အေဒင်ဟဲဗန်းတို့ကို ချီးကျူးလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆီယံအောစတားနဲ့ကစားခဲ့တဲ့ ပထမဆုံးခြေစမ်းပွဲစဉ်မှာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် သောကြာနေ့ညက ဟောင်ကောင်နဲ့ပွဲမှာတော့ နောက်နေလိုက်ကစားပြီး ၁-၃ နဲ့အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကို လူငယ်တိုက်စစ်မှူး ချီဒိုအိုဘီက ၂ ဂိုးနဲ့ အေဒင်ဟဲဗန်းက ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ယခုအခါမှာ ဟောင်ကောင်ကိုအနိုင်ရခဲ့သလို၊ လူငယ်ကစားသမားတွေက ဂိုးသွင်းနိုင်ခဲ့တာကြောင့် အပြုသဘောဆောင်တဲ့အချက်တွေ ရှိလာပြီလို့ဆိုရမှာဖြစ်ပါတယ်။ အိုဘီနဲ့ ဟဲဗန်းတို့ကိုသာမက အာမိုရင်ဟာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဂျင်မ်သဝိတ်စ်ကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။သို့သော်လည်း ပေါ်တူဂီသားနည်းပြက ခြေစမ်းပွဲစဉ်တွေဟာ အသင်းရဲ့တိုးတက်မှုအတွက် အထောက်အကူပြုပေမယ့် ပရီးမီးယားလိဂ်မှာတော့ အသင်းရဲ့အဆင့်အတန်းနဲ့ညီမျှတဲ့ ခြေစွမ်းကိုပြသဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အာမိုရင်က “ကျွန်တော် ကလေးတွေကိုသဘောကျပါတယ်။ နောက်ဆုံး ၁၅ မိနစ်အတွင်း ဂျင်မ်က အတော်လေးခြေစွမ်းပြသနိုင်ခဲ့ပြီး ဒီလို လူငယ်တွေက အသင်းအတွက်အရေးကြီးပါတယ်။ အသင်းမှာ သူတို့နေရာရနိုင်ပါတယ်။ အိုဘီအတွက်လည်း ကျေနပ်မိပါတယ်။ ဒါပေမယ့် သူအများကြီးလေ့ကျင့်ဖို့လိုနေပါသေးတယ်။ ပရီးမီးယားလိဂ်က ဒီလိုပွဲတွေနဲ့ မတူညီတဲ့နေရာမို့လို့ပါ”
“အသင်းအနေနဲ့ တစ်သင်းလုံးတိုးတက်ဖို့လိုပေမယ့် ကလေးတွေရဲ့ခြေစွမ်းကိုတော့ ဒီနေ့မှာ ကျေနပ်မိပါတယ်။ အေဒင်က သူ့ရဲ့ခြေစွမ်းကိုသက်သေပြခဲ့ပြီး ကျွန်တော့်အတွက် ရွေးချယ်စရာကစားသမားဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ တိုးတက်ဖို့လိုသေးသလို၊ အသင်းကနေ သူ့ကို ထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။ ယူနိုက်တက်နဲ့အတူ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ယူနိုက်တက်ဟာ ရာသီကြိုခရီးစဉ်ပြီးဆုံးခဲ့ပြီဖြစ်လို့ မန်ချက်စတာသို့ ပြန်လာတော့မှာဖြစ်ပြီး နောက်ထပ်ခြေစမ်းပွဲစဉ်တွေမစတင်မီ အနားရသွားမှာဖြစ်ပါတယ်။ နောက်ထပ်ခြေစွမ်းပွဲစဉ်ကိုတော့ ယူနိုက်တက်ဟာ လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ပြန်လည်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လိဒ်ယူနိုက်တက်ကို စတော့ခ်ဟုမ်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။