The network connection is lost.

Banner Image

ဘုန်းမောက်ကိုရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ဟာ ခက်ခဲတဲ့ကာလနဲ့ကြုံတွေ့နေရကြောင်း ဝန်ခံလာတဲ့ အာမိုရင်

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၀-၃ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ခက်ခဲတဲ့ကာလနဲ့ ကြုံတွေ့နေရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ကြားရက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တော့တင်ဟမ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၂ ပွဲအရှုံးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုလအစောပိုင်းက အာမိုရင်ရဲ့အသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာပဲ ၂-၃ နဲ့အရေးနိမ့်ထားခဲ့ပါသေးတယ်။ 

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “အခုအချိန်က ခက်ခဲတဲ့အချိန်ပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ဖို့ လိုအပ်နေပါတယ်။ ကစားသမားတွေကို နည်းပြရတာက ကျွန်တော့်တာဝန်ပါ။ ကျွန်တော်တို့ တိုးတက်ဖို့လိုနေတာအမှန်ပါပဲ။ ဒီအချိန်မှာတော့ အရာရာတိုင်းက ပိုခက်ခဲလာနေပါတယ်။ မန်ချက်စတာယူနိုက်တက်လိုအသင်းအနေနဲ့ အိမ်ကွင်းမှာ ၀-၃ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်တာက လူတိုင်းအတွက် လက်မခံချင်စရာပါပဲ။ ပရိသတ်တွေလည်း စိတ်ပျက်ပြီး ပင်ပန်းနေကြမယ်ဆိုတာသိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ရိုင်ယန်ခရစ္စတီရဲ့ဖြတ်တင်ဘောကို ဒင်းန်ဟူဆန်ခေါင်းတိုက်ရာမှာတစ်ဆင့် ဦးဆောင်ဂိုးစတင်ခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂိုးသမား အန်ဒရေအိုနာနာတစ်ယောက် ရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ယူနိုက်ကတ်ဟာ ပြီးခဲ့တဲ့ပြိုင်ပွဲစုံ ပွဲစုံ ၆ ပွဲမှာ တည်ကန်ဘောမှတစ်ဆင့် ၇ ဂိုးအထိခွင့်ပြုခဲ့ပြီး ပေါ်တူဂီသားက “ကျွန်တော်တို့ တည်ကန်ဘောတွေမှာ တိုးတက်ဖို့လိုအပ်နေပါတယ်”

“ဒါကိုတိုးတက်အောင်ကြိုးစားနေပေမယ့် အခုချိန်အထိ ဂိုးတွေပေးနေရတုန်းပါပဲ။ ဒါပေမယ့် တည်ကန်ဘောတွေကြောင့် အသင်းကရှုံးတာမဟုတ်ပါဘူး။ အခွင့်အရေးတွေကို အသုံးမချနိုင်လို့ရှုံးတာပါ။ ပြီးတော့ ပြိုင်ဘက်နဲ့ တူညီတဲ့ အခွင့်အရေးမျိုးဖန်တီးနိုင်ခဲ့ပေမယ့် သူတို့ကပဲဂိုးရပြီး၊ ကျွန်တော်တို့ကတော့ ဂိုးမရခဲ့ပါဘူး။ တည်ကန်ဘောကနေ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ကျွန်တော်တို့ စိတ်ဓာတ်နည်းနည်းကျသွားပုံရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်နေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ အောက်မှာရပ်တည်နေရတော့မှာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီသားက “ဒီလိုရှုံးပွဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေပါတယ်။ ကစားသမားတွေမှာသာမက ပရိသတ်တွေဆီမှာပါ ထိခိုက်မှုရှိနေတာပါ။ ကျွန်တော်တို့ ဒါကိုရင်ဆိုင်ပြီး နောက်ပွဲအတွက် အာရုံစိုက်သွားရပါမယ်။ စိန်ခေါ်မှုက ကြီးမားတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။