
မန်စီးတီးနဲ့ပွဲမှာ ဘယ်ဂိုးသမားကို ပွဲထုတ်လာမလဲ အတည်ပြုပြောကြားလိုက်တဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေနေ့ မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘယ်ဂိုးသမားကို ပွဲထုတ်အသုံးပြုလာမလဲဆိုတာ အတည်ပြုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို အီတီဟတ်မှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်ရဲ့ပြောကြားချက်အရ အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ အန့်တ်ဝပ်မှ ပေါင် ၁၈ သန်းနဲ့ခေါ်ယူထားခဲ့တဲ့ ဂိုးသမားသစ် ဆန်နီလမ်မန်းစ်ကိုတော့ စတင်အသုံးပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
အသင်းရဲ့ဂိုးသမား အန်ဒရေအိုနာနာတစ်ယောက် တူရကီကလပ် ထရက်ဘ်ဇွန်စပေါသို့ အငှားစာချုပ်နဲ့ထွက်ခွာသွားတာကြောင့် လမ်မန်းစ်က ယူနိုက်တက်ရဲ့နံပါတ် ၁ ဂိုးသမားဖြစ်လာမယ်လို့ ထင်ကြေးပေးထားကြပေမယ့် အာမိုရင်ကတော့ အယ်လ်တေးဘယင်ဒါကိုသာ ဆက်လက်အသုံးပြုဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဘယင်ဒါကိုပဲ ဆက်လက်အသုံးပြုသွားမှာလားဆိုတဲ့မေးခွန်းကို ပေါ်တူဂီသားနည်းပြက "ဟုတ်ပါတယ်။ လူစာရင်းအပြောင်းအလဲတစ်ချို့ပြုလုပ်သွားမှာဖြစ်ပေမယ့် ဘယင်ဒါကတော့ ပုံမှန်အတိုင်း ပွဲထွက်သွားမှာပါ။ မတူညီတဲ့နိုင်ငံ၊ မတူညီတဲ့လိဂ်၊ မတူညီတဲ့ကလပ်မှာ လမ်မန်းစ်အနေနဲ့ နေရာအတွက် တိုက်ပွဲဝင်သွားရပါမယ်။ ဘယင်ဒါကတော့ ကစားဖို့အဆင်သင့်ဖြစ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဘယင်ဒါဟာ အာဆင်နယ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ သိသာထင်ရှားတဲ့အမှားပြုလုပ်မိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့ထားရပေမယ့် အာမိုရင်ရဲ့ယုံကြည်မှုကိုတော့ ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာ လမ်မန်းစ်ကလည်း ပြီးခဲ့တဲ့ရာသီက ဥရောပရဲ့ ဂိုးပေါက်ကာကွယ်မှု အကြိမ်ရေအများဆုံးဂိုးသမားဖြစ်ခဲ့တာကြောင့် ယူနိုက်တက်အတွက် အားကိုးရတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံသားဟာ လက်ရှိဘောလုံးလောကအတွင်း အသက်-၂၃ နှစ်အောက် ဂိုးသမားတွေထဲမှာ တိုးတက်မှုအရှိဆုံးဂိုးသမားအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။
လမ်မန်းစ်ကိုဘာကြောင့်ခေါ်ယူခဲ့တာလဲဆိုတဲ့မေးခွန်းကိုတော့ အာမိုရင်က "အသင်းတစ်သင်းမှာ ကစားသမား ရွေးချယ်စရာတွေရှိဖို့လိုပါတယ်။ လမ်မန်းစ်ကိုခေါ်ယူလိုက်လို့ ဂိုးသမားနေရာအတွက် ရွေးချယ်စရာတစ်ခုပိုလာသလို၊ အနာဂတ်အတွက်လည်း အလားအလာရှိတဲ့ ကြယ်ပွင့်တစ်ပွင့်ကို မွေးမြူသလိုလည်းဖြစ်လာနိုင်ပါတယ်။ သူက အသင်းအတွက် တစ်ချိန်မှာ အမြဲတမ်း အဆင်သင့်ဖြစ်နေမယ့် ဂိုးသမားတစ်ယောက်ပါ" လို့ဖြေကြားခဲ့ပါတယ်။