The network connection is lost.

Banner Image

ယူနိုက်တက်နဲ့သက်ဆိုင်သူအားလုံး ပေါ့ဆလွန်းတယ်လို့ ရှင်းပြခဲ့တဲ့ အာမိုရင်

ယမန်နေ့၊ လီဗာပူးနဲ့ ရင်ဆိုင်ရချိန် တစ်ဖက်နှစ်ဂိုးစီသရေရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ သူ့ရဲ့အသင်းကို မြင်တွေ့ခဲ့ရပြီးနောက် ရူဘင်အာမိုရင်က ယူနိုက်တက်မှာရှိနေသူအားလုံး ပေါ့ဆလွန်းတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ရင်ဆိုင်ရတဲ့ အခုပွဲစဉ်မှာ လတ်တလောရုန်းကန်နေရတဲ့ သရဲနီတွေအတွက် နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကိုဒီဂတ်ပိုက အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူပေးခဲ့သလို ပယ်နယ်တီမှတဆင့် မိုဆာလက်က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ပွဲချိန်ကုန်ဆုံးခါနီးမှာ အာမက်ဒီယာလိုက ယူနိုက်တက်အတွက် ချေပဂိုးပြန်သွင်းယူပေးလို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ အာမိုရင်ကတော့ အလွန်တိုးတက်လာတဲ့စွမ်းဆောင်ရည်မျိုး ပြသနိုင်တဲ့ သူ့ရဲ့အသင်းကို အသိအမှတ်ပြုခဲ့ပေမယ့် အမှတ်ပေးဇယားအောက်ပိုင်းမှာ ရောက်ရှိနေတဲ့ ယူနိုက်တက်အတွက် တည်ငြိမ်မှုရှိတဲ့ပုံစံကောင်းတစ်ခုပြသဖို့ အချိန်တန်နေပြီလို့ သတိပေးခဲ့ပါတယ်။

သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် အာမိုရင်က “နေ့စဉ်နေ့တိုင်း တွန်းအားပေးနိုင်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော်လုပ်တဲ့အရာတိုင်းမှာ ဒီကစားသမားတွေလည်း လိုက်ပါဆောင်ရွက်ဖို့ အမြဲတမ်းလိုလိုစိန်ခေါ်လေ့ရှိတာကြောင့် တခါတလေ အကောင်းဆုံးနည်းလမ်းမဟုတ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကစားသမားတွေသာမက ယူနိုက်တက်မှာရှိနေတဲ့သူတိုင်း ပေါ့ဆလွန်းတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ တခါတရံ ကျွန်တော်တို့အတွက် ရှော့ခ်ရစရာကိစ္စတစ်ခု လိုအပ်ပါတယ်။

အကောင်းဆုံးပုံစံနဲ့ကစားနေတဲ့ ကိုယ့်ရဲ့အသင်းကို ကျွန်တော်လည်း မြင်တွေ့ချင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ဖော်ပြသွားတဲ့ အရေးအကြီးဆုံးအရာက စိတ်ဓါတ်ပိုင်းပါပဲ။ နည်းစနစ်နည်းဗျူဟာပိုင်းကြောင့်မဟုတ်ဘဲ ဒီနေ့မှာ ကျွန်တော်တို့တွေ မတူကွဲပြားတဲ့အသင်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ယေဘုယျအားဖြင့် ကျွန်တော်တို့ ယုံကြည်ထားတဲ့နည်းလမ်းမျိုးနဲ့ပဲ ပြိုင်ပွဲကို ဆက်လျှောက်လှမ်းသွားရပါမယ်။ ဘယ်ပြိုင်ဘက်နဲ့မဆို ကျွန်တော်တို့တွေ အခုအတိုင်းရင်ဆိုင်သွားရပါမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်မှာ  မျှော်လင့်ထားတဲ့အပြောင်းအလဲတွေ မမြင်တွေ့ခဲ့ရပါဘူး။ ပေါ်တူဂီသားနည်းပြရောက်ရှိလာပြီးနောက် သရဲနီတွေက ပြိုင်ပွဲစုံ ၁၂ ပွဲကစားရာမှာ သုံးပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ 

အခုအခြေအနေနဲ့ပတ်သက်လို့ အာမိုရင်က “ ကျွန်တော်တို့တွေ အိမ်ကွင်းသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ တချို့ပွဲစဉ်တွေမှာဆိုရင် ကျွန်တော်တို့က ဘာမှတောင်မလုပ်နိုင်သေးဘဲ ပြိုင်ဘက်ကို နှစ်ဂိုးလောက် ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီနေ့ပွဲစဉ်အတွက်ဆိုရင် ကျေနပ်လောက်စရာစွမ်းဆောင်ရည်မျိုးပြသနိုင်လို့ ရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော် အမှန်တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ကျွန်တော်တို့အသင်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ပြောကြပါလိမ့်မယ်”လို့ ရှင်းပြခဲ့ပါတယ်။

အာမိုရင်ကတော့ အန်ဖီးလ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်မျိုး တည်ဆောက်နိုင်ခဲ့သလို လာမယ့်တနင်္ဂနွေနေ့၊ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာလည်း ဒီလိုမျိုးဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ အဲ့ဒီပွဲစဉ်အပြီး နောက်လေးရက်အကြာမှာ ယူနိုက်တက်က ဆောက်သမ်တန်ကို အိမ်ကွင်းမှာဧည့်ခံကစားပြီး ပရီးမီးယားလိဂ်လက်ကျန်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရပါလိမ့်မယ်။