The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေထုတ်ပယ်ခြင်းက ယူနိုက်တက်အသင်းဖော်တွေအတွက် စိတ်အနှောင့်အယှက်မဖြစ်စေဘူးလို့ဆိုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ကြယ်ပွင့် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို  လူစာရင်းမှထုတ်ပယ်ထားခြင်းက အသင်းဖော်ကစားသမားတွေအတွက် တစ်စုံတစ်ရာစိတ်အနှောင့်အယှက် မဖြစ်စေဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 


ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က မန်စီးတီးကိုအနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှ စတင်ပြီး ၃ ပွဲဆက်တိုက် ယူနိုက်တက်ရဲ့ ကစားသမားစာရင်းကနေ ထုတ်ပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ကစားသမားဟာ ကြားရက်က တော့တင်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်နဲ့ တနင်္ဂနွေနေ့က ဘုန်းမောက်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း အသင်းရဲ့လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ 

သို့သော်လည်း ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် စတင်ပွဲထွက်ခွင့်ရချိန်မှာစတင်ပြီး အခုချိန်အထိ အသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၈၇ ဂိုးအထိသွင်းယူထားကာ ဂိုးဖန်တီးမှု အကြိမ် ၄၀ အထိပြုလုပ်ထားနိုင်ပါတယ်။ ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီနဲ့ လက်ရှိရာသီမှာ ခြေစွမ်း သိသိသာသာကျဆင်းသွားခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၄၈ ပွဲကစားထားရာမှာ ၁၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ 

မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ပြီးနောက်မှာတော့ ကစားသမားဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားထားတာကြောင့် လာမယ့်ဇန်နဝါရီမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ ယူဆခံနေရပြီဖြစ်ပါတယ်။ နည်းပြအာမိုရင်အနေနဲ့ အဆိုပါပြောကြားချက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိပေမယ့် ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေထုတ်ပယ်ထားခြင်းမှာ အသင်းကောင်းဖို့အတွက်သာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပေါ်တူဂီသားက “ကျွန်တော်သူနဲ့ နေ့တိုင်းစကားပြောဖြစ်ပါတယ်။ အဲဒီအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပြောတာပါ။ သူ့ကို ထုတ်ပယ်ထားတာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ။ သူကလည်း ကစားချင်စိတ်ရှိပြီး ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ပြန်ရှုံးသွားပါလိမ့်မယ်။ ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကိုချန်လှပ်ထားခြင်းက အခြားကစားသမားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသလားဆိုတဲ့ မေးခွန်းကို အာမိုရင်က “ကျွန်တော့်အတွက်ရော ကစားသမားတွေအတွက်ပါ ဒါက အကျိုးသက်ရောက်မှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးမှာ နားလည်မှုရှိနေကြလို့ပါ။ အရေးကြီးတာ ဒါပါပဲ။ မီဒီယာတွေနဲ့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကိုတော့ ကျွန်တော်ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော့်အသင်းကိုတော့ ထိန်းချုပ်နိုင်ပါတယ်။ ကျွန်တော် ရက်ရှ်ဖို့ဒ်ဆီကနေ ဘာလိုချင်နေသလဲဆိုတာ လေ့ကျင့်ရေးကွင်းက လူတိုင်းသိပါတယ်။ သူ မပါဝင်တာက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပေမယ့် မီဒီယာအတွက်တော့ ပြဿနာဖြစ်ရင်ဖြစ်နေမှာပေါ့။ ဒါကလည်း ကျွန်တော်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး” လို့ဖြေကြားခဲ့ပါတယ်။ 

လာမယ့်ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ယူနိုက်တက်ဟာ ဘောင်ဆင်ဒေးပွဲစဉ်အဖြစ် ဝုဗ်ကို အဝေးကွင်းမှာသွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။