 
                                                                        အာဖရိကဖလားကာလအတွင်း ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ
ယူနိုက်တက် နည်းပြ ရူဘင်အာမိုရင်က ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲအတွက် အဓိက ကစားသမားတွေ ထွက်ခွာသွားတဲ့အခါ အသင်းအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်စဉ် သုံးပွဲဆက် အနိုင်ရထားပြီး ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အာမိုရင်က ဒီဇင်ဘာလမှာ ပွဲထွက်ကစားသမားအချို့ နိုင်ငံတကာတာဝန်အတွက် ထွက်ခွာသွားတဲ့အခါ အသင်းရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့ ခက်ခဲမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့အထိ ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ဘရိုင်ယန်အမ်ဘွေမို၊ အာမက်ဒီယာလို နဲ့ နူစိုင်ယာ မာဇရာဝီစတဲ့ ကစားသမားတွေကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။
နိုင်ငံအသင်းတွေ ဘယ်အဆင့်အထိ တက်ရောက်နိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး ဒီကစားသမားသုံးဦးက ယူနိုက်တက်ရဲ့ပွဲစဉ် ၇ ပွဲအထိ လွဲချော်နိုင်ပါတယ်။ အာမိုရင်က "ကျွန်တော်တို့ ဒုက္ခရောက်မယ့်အချိန် ရှိလာပါလိမ့်မယ်။ ကျွန်တော်တို့ နည်းနည်းတော့ ရုန်းကန်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ တခြားကစားသမားတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမယ်ဆိုတာကိုလည်း ကြိုသိထားပြီးသားပါ။ အချို့ကစားသမားတွေဟာ လေ့ကျင့်ရေးမှာ တကယ်ကို ကောင်းကောင်းလုပ်ပြနေကြပြီး အသင်းကို ကူညီဖို့ အခွင့်အရေး ရသင့်ပါတယ်" လို့ ဆိုပါတယ်။
အာမိုရင်က ညာတောင်ပံမှာ ကောင်းမွန်တဲ့ အတွဲအဖက်ကို တည်ဆောက်ထားနိုင်တဲ့ အမ်ဘွေမို နဲ့ အာမက်တို့ မရှိတာကြောင့် အသင်းက ထိခိုက်နိုင်ပေမယ့် တခြားသူတွေက အစားထိုးကစားဖို့ အသင့်ရှိနေပြီလို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အာမိုရင်က"ကျွန်တော်တို့ ကစားစေချင်တဲ့ပုံစံကို သူတို့ နားလည်နေကြပါပြီ။ ဒါကြောင့် ကျွန်တော်တို့သာ ဆက်လက်တိုးတက်နေမယ်ဆိုရင် ကစားသမားအပြောင်းအလဲက ကျွန်တော်တို့ရဲ့ ပုံစံနဲ့ အရှိန်အဟုန်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာမက်နဲ့ ဘရိုင်ယန်ကို အသုံးပြု လို့ရသလောက် အသုံးပြုပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာအတွက် ပြင်ဆင်သွားပါမယ်" လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                