
မဖွယ်မရာအပြုအမူလုပ်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးခံနေရတဲ့ ရော်နယ်ဒို
တနင်္ဂနွေနေ့တုန်းက အယ်လ်-ရှာဘက်အသင်းကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီကိုသံပြိုင်သီဆိုခဲ့တာကြောင့် ရော်နယ်ဒိုတစ်ယောက် မဖွယ်မရာအပြုအမူလုပ်ဆောင်ခဲ့ပြီး အဆိုပါအနေအထားနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ အဆိုပါနိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံရတာက ပထမဆုံးအကြိမ်မဟုတ်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ပြိုင်ဘက်ပရိသတ်တွေက မက်ဆီရဲ့နာမည်သံပြိုင်သီဆိုပြီး လှောင်ပြောင်ခဲ့ကြပြီး ပေါ်တူဂီသားက အဆိုပါပရိသတ်တွေကို မဖွယ်မရာအပြုအမူနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အဆိုပါဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပြီး ရော်နယ်ဒိုက နားရွက်မှာလက်ကိုထားကာ ပြန်လည်တုံ့ပြန်ခဲ့သလို သူ့လက်ကို ကိုယ်ခန္ဓာအောက်ပိုင်းပင့်တင်တဲ့ပုံစံနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုအနေနဲ့ အခုအပြုအမူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရကာ အရေးယူခံရဖွယ်ရှိနေပါတယ်။
ဘောလုံးကျွမ်းကျင်သူတော်တော်များများကလည်း ရော်နယ်ဒိုရဲ့အပြုအမူကို ဝေဖန်နေကြပါတယ်။ “စည်းကမ်းပိုင်းဆိုင်ရာကော်မတီအတွက် ကြီးမားတဲ့စမ်းသပ်မှုပါ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်နေပါမယ်။ အရာအားလုံးမှာ အကန့်အသတ်ရှိပါတယ်။ ဘယ်လောက်ပဲခင်ဗျားက ကျော်ကြားနေပါစေ အကန့်အသတ်ဆိုတာရှိပါတယ်။ ဒါက ဘယ်လိုလိဂ်မျိုးမှာဖြစ်ပါစေ အကန့်အသတ်ရှိပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
အယ်လ်နာဆာကတော့ ရော်နယ်ဒိုရဲကအပြုအမူနဲ့ပတ်သက်ပြီး မှတ်ချက်မပြုခဲ့သလို ရော်နယ်ဒိုတစ်ယောက် အခုလိုမျိုးဖြစ်တာကလည်း ပထမဆုံးအကြိမ်မဟုတ်တာ ဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ရော်နယ်ဒိုဟာ သူ့ခွကြားကို ထောက်ပြခဲ့သေးသလို ၂၀၂၃ ဧပြီလတုန်းကလည်း မက်ဆီအကြောင်းထွက်ပေါ်လာပြီးနောက် အခုလိုမျိုးလုပ်ဆောင်ခဲ့သေးတာဖြစ်ပါတယ်။
လက်ရှိအပြုအမူကြောင့် ရော်နယ်ဒိုအနေနဲ့ အရေးယူခံရဖွယ်ရှိနေတာဖြစ်ပြီး အသင်းဘက်က ဖြေရှင်းရဖွယ်ရှိနေပါတယ်။