စံချိန်သစ်ကိုရယူဖို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ရော်နယ်ဒို
ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုဟာ လက်ရှိယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပုံစံကောင်းပြသဖို့ ရုန်းကန်နေရပြီး ၁ ဂိုးမှမသွင်းနိုင်သေးသော်လည်း လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ဂိုးသွင်းစံချိန်သစ်ရယူဖို့ ပေါ်တူဂီအတွက် ဆက်လက်ပါဝင်ကစားသွားဦးမယ်လို့ သိရပါတယ်။
ယူရိုပြိုင်ပွဲကို စံချိန်တင် ၆ ကြိမ်ဆက် ပါဝင်ကစားထားပြီး ပြီးခဲ့တဲ့ ၅ ကြိမ်စလုံးမှာ ဂိုးသွင်းယူထားနိုင်တဲ့ရော်နယ်ဒိုဟာ ဒီနှစ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။ ၆ ကြိမ် ဆက်တိုက် ပါဝင်ကစားထားနိုင်တဲ့ စံချိန်ကို ရယူထားနိုင်ပြီးနောက်မှာတော့ ပေါ်တူဂီကြယ်ပွင့်ဟာ ၆ ကြိမ်ဆက်တိုက် ဂိုးသွင်းယူနိုင်တယ်ဆိုတဲ့ စံချိန်ကိုပါ ထပ်မံရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆလိုဗေးနီးယားနဲ့ ပွဲမှာတော့ ရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းနိုင်ဖို့အကောင်းဆုံး အခွင့်အရေးအဖြစ် အချိန်ပိုမှာ ပင်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သော်လည်း လွဲချော်ခဲ့တာကြောင့် မျက်ရည်ကျလောက်တဲ့အထိ နာကျင်ခံစားခဲ့ရပါတယ်။
တစ်ချိန်တုန်းက အမြင့်ဘောတွေမှာ ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာတော့ ပြိုင်ဘက်နောက်တန်းတွေနဲ့ ခေါင်းယှဉ်တိုက်ဖို့ ရုန်းကန်နေရတာကို ဝမ်းနည်းဖွယ်မြင်တွေ့နေရပါတယ်။ သို့သော်လည်း အယ်လ်နာဆာစူပါစတားအနေနဲ့ နောက် ၂ နှစ်အကြာမှာကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ပေါ်တူဂီအသင်းအတွက် ဆက်လက်ပါဝင်ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဘော်လွန်းဒီအော် ၅ ဆုရှင်အနေနဲ့ သူ့ရဲ့ကစားသမားဘဝ နေဝင်ဆည်းဆာအချိန်မှာ နောက်ဆုံးမှတ်တမ်းတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမား ဆိုတဲ့စံချိန်ကို ရရှိပိုင်ဆိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ပေါ်တူဂီနဲ့အတူ ဂျာမနီသို့ ခရီးထွက်မလာခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ဂိုး ၅၀ အထိသွင်းယူပေးနိုင်ခဲ့ပါတယ်။
လက်ရှိ ယူရိုပြိုင်ပွဲမှာ ဆလိုဗေးနီးယားကို အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းထားနိုင်တဲ့ ပေါ်တူဂီဟာ ဘယ်လ်ဂျီယံကိုအနိုင်ရခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ရော်နယ်ဒိုအနေနဲ့ ဒီပွဲမှာ ဂိုးစတင်သွင်းယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။