The network connection is lost.

Banner Image

အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရတဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

မန်စီးတီးဟာ အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ကြိုးစားနေတဲ့ အက်သလက်တီကိုရဲ့ ကမ်းလှမ်းမှုကိုလည်း ငြင်းပယ်ထားပြီးဖြစ်ပြီး ယခုအခါ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကိုပါ ထပ်မံပယ်ချခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ မန်စီးတီးမှာ ဒုတိယရာသီ ဖြတ်သန်းခဲ့ပြီဖြစ်ပြီး ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ၁၉ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ ကြိမ်ဆက်ဆွတ်ခူးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီမှာ တိုက်စစ်ကစားသမားဟာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲအထိ ပါဝင်ခွင့်ရရှိခဲ့တာကြောင့် အသင်းအတွက် မိနစ်အများဆုံးကစားခဲ့ရတဲ့ ၈ ယောက်မြောက် ကစားသမားလည်းဖြစ်ပါတယ်။ သို့သော်လည်း သတင်းတွေအရ အယ်လ်ဗာရက်ဇ်ဟာ အသင်းရဲ့ စူပါစတားတိုက်စစ်မှူး အာလင်းဟာလန်းနောက် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ပါဝင်ခွင့်ရနေတာကြောင့် အီတီဟတ်ကနေ ထွက်ခွာလိုနေတယ်လို့သိရပါတယ်။

အက်သလက်တီကိုအနေနဲ့ တိုက်စစ်လိုအပ်ချက်ကြောင့် အယ်လ်ဗာရက်ဇ်ကိုချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးက သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပေါင်သန်း ၇၀ လောက်အထိ တောင်းဆိုသွားဖွယ်ရှိနေတာကြောင့် ခေါ်ယူဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။

အာဂျင်တီးနားသားဟာ မန်စီးတီးကို ၂၀၂၂ ခုနှစ်မှာ ရေးဗားပလိတ်ကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ရောက်ရှိလာခဲ့ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် အီတီဟတ်မှာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေပါသေးတယ်။

ယခုအခါမှာ မန်စီးတီးအနေနဲ့ ကစားသမားကို အသင်းမှာဆက်လက်ထားရှိလိုပြီး ရောင်းချခြင်းမပြုလုပ်ဖို့ အခိုင်အမာရပ်တည်နေတာကြောင့် ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူးကိုခေါ်ယူနိုင်ဖို့ အလားအလာမရှိပါဘူး။ သို့သော်လည်း မကြာသေးမီနှစ်တွေမှာချဲလ်ဆီးဟာ ကိုးလ်ပယ်မာနဲ့ ရာဟင်စတာလင်တို့ကို ခေါ်ယူပြီး မက်တီယိုကိုဗာဆစ်ကို ပက်ဂွါဒီယိုလာရဲ့အသင်းထံ ရောင်းချခဲ့တာကြောင့် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်စီးတီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပုံပေါ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ လိုအပ်နေတဲ့ တိုက်စစ်မှူးနေရာကို ဖြည့်စွက်ဖို့ နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ကိုလည်း ပစ်မှတ်ထားခဲ့ပေမယ့် နိုင်ဂျီးရီးယားသားဟာ အလွန်အမင်း ဈေးနှုန်းမြင့်မားနေတာကြောင့် ကမ်းလှမ်းမှုကိုဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။