ချန်ပီယံလိဂ်ကစားချင်တဲ့စိတ်ဆန္ဒကြောင့် နာပိုလီမှ ထွက်ခွာချင်နေတဲ့ ခဗာရက်စ်ခီလီယာ
ဂျော်ဂျီယာလက်ရွေးစင် ခဗာရက်စ်ခီလီယာအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာကစားလိုတဲ့ စိတ်ဆန္ဒကြောင့် နာပိုလီအသင်းမှ ထွက်ခွာချင်နေတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ဂျူဂီလီက ဖွင့်ပြောလိုက်ပါတယ်။
အသင်းဆီ နည်းပြသစ်ကွန်တီ ရောက်ရှိလာဖို့ရှိပေမယ့် အီတလီကလပ်အသင်းနဲ့ အတူ နှစ်ရာသီကြာဖြတ်သန်းပြီးနောက် ကစားသမားဖြစ်သူရော၊ အေးဂျင့်ဖြစ်သူကပါ နေပယ်လ်မြို့မှ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ယူဆနေကြောင်း ဂျူဂီလီက ဆိုပါတယ်။
La Gazzetta dello Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ဂျူဂီလီက “ခဗာရက်စ်ခီလီယာက နာပိုလီမှာ ဆက်ရှိနေချင်တယ်လို့ ပရိသတ်တွေတွေးနေတာမျိုး ကျွန်တော်မလိုလားပါဘူး။ ကျွန်တော်တို့နှစ်ဦးလုံး အသင်းပြောင်းရွှေ့ချင်ပေမယ့် ယူရိုပြိုင်ပွဲဝင်နေတဲ့ ခဗာရက်စ်ခီလီယာကို အနှောင့်အယှက်မဖြစ်စေဖို့ ယူရိုပြိုင်ပွဲပြီးဆုံးချိန်အထိ စောင့်ဆိုင်းနေပါတယ်။ အဓိကဦးစားပေးကိစ္စကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းတစ်ခုဆီ ပြောင်းရွှေ့ဖို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ခဗာရက်စ်ခီလီယာရဲ့ဖခင်ဖြစ်သူ ဘာဒရီကလည်း “ကျွန်တော်ကတော့ ကျွန်တော့်သားကို အဲ့ဒီအသင်းမှာ ဆက်မရှိစေချင်ပါဘူး။ သူတို့က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြသုံးဦးတောင် ပြောင်းလဲခဲ့တယ်လေ။ ဒါက ကျွန်တော့်သားအတွက် ဘောလုံးကစားဖို့ ခက်ခဲစေပါတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် အခုလိုထုတ်ဖော်ပြောဆိုလာမှုတွေအပေါ် နာပိုလီအသင်းဘက်ကလည်း ပြတ်ပြတ်သားသားတုံ့ပြန်လိုက်ပါတယ်။
နာပိုလီအသင်းရဲ့ထုတ်ပြန်ချက်မှာ “ခဗာရက်စ်ခီလီယာရဲ့အေးဂျင့် ဂျူဂီလီနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ ပြောဆိုခဲ့တဲ့စကားတွေကို ကြားသိရပါတယ်။ ဒီကစားသမားမှာ အသင်းနဲ့အတူ နောက်ထပ်သုံးနှစ်သက်တမ်းရှိနေသေးတဲ့ စာချုပ်တစ်ရပ်ရှိတယ်လို့ နာပိုလီအသင်းဘက်က ထပ်လောင်းအတည်ပြုပေးလိုပါတယ်။ အသင်းဘက်က ခဗာရက်စ်ခီလီယာကို ဈေးကွက်ထဲမှာ ရောင်းချသွားဖို့ အစီအစဉ်မရှိပါဘူး။ နာပိုလီအသင်းနဲ့အတူ စာချုပ်သက်တမ်းရှိနေတဲ့ ကစားသမားတစ်ဦးရဲ့အနာဂတ်ကို အေးဂျင့်ဖြစ်သူရော၊ ဖခင်ဖြစ်သူပါ ဆုံးဖြတ်ပေးလို့ မရပါဘူး။ ပုံပြင်လေးတော့ ပြီးဆုံးသွားပါပြီ။ ဒါပါပဲ”လို့ ဖော်ပြပါရှိပါတယ်။