The network connection is lost.

Banner Image

ရော်နယ်ဒိုရဲ့အနိုင်ဂိုးနဲ့ နေရှင်းလိဂ်ဗိုလ်လုပွဲသို့တက်လှမ်းသွားတဲ့ ပေါ်တူဂီ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးနဲ့အတူ ဂျာမနီကို ၁-၂ နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်းသွားခဲ့ပါတယ်။ ယခုပွဲစဉ်ဟာ ဥရောပရဲ့ထိပ်သီးအသင်းတွေတွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တာနဲ့အညီ အတော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းအတွင်းမှာတော့ ၂ သင်းစလုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်းအစမှာတော့ ဂျာမနီက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဦးဆောင်ဂိုးခွင့်ပြု လိုက်ရပြီးနောက်မှာ ပေါ်တူဂီက ချက်ချင်းပဲ တိုက်စစ်ဆင်မှုတွေပြန်လုပ်ခဲ့ရာ ရော်နယ်ဒိုရဲ့ကန်ချက်ကို ဂျာမနီဂိုးသမား တာစတီဂန် အသည်းအသန်ကာကွယ်ခဲ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျာမနီကလည်း အခွင့်အရေးတွေပြန်ရလာခဲ့ပြီး ပေါ်တူဂီဂိုးသမား ကော်စတာအတွက်လည်း အလုပ်ရှုပ်စေခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မှာ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကလည်း လုပ်အားနှုန်းအတော်လေးကောင်းခဲ့ပေမယ့် ဂိုးဖန်တီးမှုတော့ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပွဲကစားချိန် ၆၃ မိနစ်မှာတော့ ပေါ်တူဂီတို့ ချေပဂိုးပြန်လည်ရရှိခဲ့ပြီး လူစားဝင်ကစားသမား ကွန်ဆီကာအိုက လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

ချေပဂိုးရရှိပြီး ၅ မိနစ်အကြာမှာပဲ ပေါ်တူဂီက ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ရဲ့ ပေးပို့မှုမှတစ်ဆင့် ရော်နယ်ဒိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ပေါ်တူဂီကပဲ အခွင့်အရေးတွေပိုမိုရရှိခဲ့ပြီး ဦးဆောင်ဂိုးတွေထပ်မံရရှိဖို့ နီးစပ်ခဲ့ပေမယ့် တာစတီဂန်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ ၁-၂ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် ပေါ်တူဂီဟာ ဗိုလ်လုပွဲမှာ စပိန်(သို့မဟုတ်) ပြင်သစ်နဲ့တွေ့ဆုံသွားမှာဖြစ်ပြီး ဂျာမနီကလည်း တတိယနေရာလုပွဲအတွက် အဆိုပါ ၂ သင်းထဲမှ ၁ သင်းနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။