The network connection is lost.

Banner Image

ယူရို ၂၀၂၄ မှာ ဘယ်အသင်းဗိုလ်စွဲသွားမယ်ဆိုတာ မခန့်မှန်းနိုင်ကြောင်း ပြောကြားလာတဲ့ ရော်နယ်ကိုးမန်း

နယ်သာလန်လက်ရွေးစင်နည်းပြ ရော်နယ်ကိုးမန်းက လက်ရှိယှဉ်ပြိုင်ကစားနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဘယ်အသင်းက ဗိုလ်စွဲသွားမယ်ဆိုတာ မခန့်မှန်းနိုင်ကြောင်းနဲ့ စပိန်လက်ရွေးစင်အသင်းဟာ အနိုင်ယူဖို့မဖြစ်နိုင်တဲ့အသင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နယ်သာလန်အသင်းဟာ ပြင်သစ်၊ ပိုလန်၊ ဩစတြီးယားတို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပေမယ့် အုပ်စုကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။ ကိုးမန်းက “ဒီပြိုင်ပွဲမှာ ဘယ်သူက ဗိုလ်စွဲသွားမယ်ဆိုတာ မခန့်မှန်းတတ်ပါဘူး။ မနေ့ညက ဂျာမနီရဲ့ကစားပုံကို တွေ့ခဲ့ရပြီးဆွစ်ဇာလန်ကလည်း သူတို့ကို အတော်အခက်တွေ့စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စပိန်ကအထင်ကြီးစရာအကောင်းဆုံးဖြစ်နေပြီး သူတို့ကို အနိုင်ယူလို့မရပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ်ဒီလာဖူရန်တီ ဦးဆောင်တဲ့ စပိန်အသင်းဟာ အုပ်စု B အတွင်း ခရိုအေးရှား၊ အီတလီ၊ အယ်လ်ဘေးနီးယားတို့နဲ့ ကျရောက်နေပြီး ၃ သင်းစလုံးကို အနိုင်ယူထားတာဖြစ်ပါတယ်။ နယ်သာလန်ကတော့ အုပ်စုအဖွင့်ပွဲမှာ ပိုလန်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲမှာတော့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ်ကို ၀-၀ နဲ့သရေကျခဲ့ပါတယ်။ ယနေ့ညမှာတော့ အုပ်စုနောက်ဆုံး ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နယ်သာလန်အနေနဲ့ လက်ရှိအုပ်စုပထမနေရာနဲ့ပဲ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်မလား ဒုတိယနေရာကို ဆင်းပေးလိုက်ရမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အုပ်စု ဒုတိယပွဲစဉ်မှာ လက်ရှိချန်ပီယံအီတလီကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် စပိန်နည်းပြ ဖူရန်တီက သူ့အသင်းအတွက် ဂုဏ်ယူကြောင်းကို “ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်းကစားခဲ့ပြီး လက်ရှိချန်ပီယံအသင်းကို အနိုင်ရခဲ့လို့ ဂုဏ်ယူပါတယ်။ ပြိုင်ပွဲမစခင်တုန်းက ကျွန်တော်ထင်ခဲ့တဲ့အတိုင်းပါပဲ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ထက်ပိုကောင်းတဲ့အသင်းမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ရှုံးထွက် ၁၆ သင်း အဆင့်ကို စောစောစီးစီးတက်ရောက်ထားတဲ့ စပိန်ဟာ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ဘယ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။