The network connection is lost.

စိတ်ပျက်စရာအမှားကျူးလွန်ခဲ့တဲ့ ဒီလစ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ရော်နယ်ကိုးမန်းနဲ့ ဗန်ဒိုက်

ဒီနေ့မနက်ပိုင်း၊ ဂျာမနီအသင်းနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ စိတ်ပျက်စရာအမှားတစ်ခု ကျူးလွန်မိခဲ့ပြီးနောက် ကစားသမားကို ကာကွယ်ပေးနိုင်ဖို့အတွက် ပထမပိုင်းပွဲချိန်အပြီးမှာပဲ ဒီလစ်ကို နယ်သာလန်နည်းပြရော်နယ်ကိုးမန်းက လူစားလဲလှယ်ခဲ့ပါတယ်။

 

အမ်စတာဒမ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း နယ်သာလန်အသင်းအတွက် ရိုင်ဒါစ်၊ ဒမ်ဖရီးစ်တို့က သွင်းဂိုးတွေ ရယူပေးခဲ့သလို ဂျာမနီအသင်းအတွက် အန်ဒက်ဗ်၊ ကင်မစ်ချ်တို့က ဂိုးသွင်းယူပေးခဲ့ပါတယ်။

 

ဂျာမနီအတွက် အန်ဒက်ဗ်ရဲ့သွင်းဂိုးက ဒီလစ်ရဲ့အမှားတစ်ခုမှတဆင့် မြစ်ဖျားခံလာခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်ခံစစ်မှူးအနေဖြင့် ခံစစ်ဇုန်ထဲမှာ ဘောလုံးကို အသာအယာရှင်းထုတ်ပိုင်ခွင့် ရှိခဲ့ပေမယ့် ပေးပို့ပုံမသေသပ်ခဲ့တာကြောင့် ပြိုင်ဘက်ရဲ့တန်ပြန်ဖိအားပေးမှုခံခဲ့ရပြီး ချေပဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။

 

နည်းပြရော်နယ်ကိုးမန်းကတော့ ဒီလစ်အနေဖြင့် ဘော့စနီးယားနဲ့ပွဲစဉ်မှာ အမှားတစ်ခု ကျူးလွန်မိသလို ဒီနေ့ပွဲစဉ်မှာလည်း နောက်ထပ်အမှားကျူးလွန်ခဲ့လို့ ကစားသမားရဲ့လတ်တလောအမှားအယွင်းတွေကြောင့် ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

 

ကိုးမန်းက “သေချာတာပေါ့၊ ကျွန်တော်လည်း ဒီလစ်ကို ကွင်းထဲမှာ ဆက်ထားချင်ခဲ့ပါတယ်။ လက်ရှိကာလပြန်ကြည့်လိုက်မယ်ဆိုရင် အမှားတွေအတွက် ကစားသမားကိုယ်တိုင် ပြစ်ဒဏ်ခံနေရတဲ့ အခိုက်အတန့်တစ်ခုဆီ ရောက်နေသလိုမျိုးပါပဲ။

 

ဒီနေ့မှာ သူ့အတွက် အခွင့်အရေးသစ်တစ်ခု ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ကို လူစားလဲလှယ်ခြင်းဖြင့် ကာကွယ်ပေးဖို့ကိုပဲ ဆုံးဖြတ်ခဲ့ရပါတယ်”လို့ ပြောပါတယ်။လီဗာပူးကပ္ပတိန်ဗန်ဒိုက်ကတော့ ဒီလစ်ရဲ့အမှားကို အကဲဖြတ်ရာမှာ ထိပ်တန်းအဆင့်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန် အခုလိုအမှားမျိုး ကျူးလွန်မိမယ်ဆိုရင် အပြစ်ပေးခံရလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

 

ဗန်ဒိုက်က “ ဘောလုံးဆိုတာ ဒါပါပဲ။ ဒီလိုအမှားတွေမှတဆင့် သင်ယူသွားရပါမယ်။ အခိုက်အတန့်လေးတစ်ခု ဆိုပေမယ့် ထိပ်တန်းပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန်မှာဆိုရင် ဒီလိုအမှားတွေအတွက် အပြစ်ပေးခံရပါလိမ့်မယ်”လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့စနေနေ့၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနားကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း ဒီလစ်အတွက် မေ့ဖျောက်ဖို့ခက်ခဲတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့ပါတယ်။ ဒီလစ်ကိုယ်တိုင်လည်း ဒီအခိုက်အတန့်အတွက် ဆိုးဆိုးရွားရွားခံစားခဲ့ရတယ်လို့ ဝန်ခံပြောဆိုပါတယ်။

 

ဒီလစ်က “ ကျွန်တော် ဘယ်လိုခံစားနေရသလဲဆိုတာ သိကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းနဲ့ဆိုင်တဲ့ကိစ္စလည်း ရှိပါတယ်။ ပြိုင်ဘက်ရဲ့ဒုတိယဂိုးမှာဆိုရင် ကျွန်တော် ဒီထက်ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာတွေဖြစ်နေသလဲဆိုတာတော့ တကယ်မသိတော့ပါဘူး။ ကျွန်တော် ဘောလုံးကို ရှင်းပစ်ခဲ့သင့်ပေမယ့် ပွဲကစားနေချိန်မှာ သံသယတွေလည်း ဝင်နေမိပါတယ်။  တကယ့်တလွဲပါဗျာ”လို့ ပြောပါတယ်။

 

ဒီအခိုက်အတန့်နဲ့ပတ်သက်လို့ ကိုးမန်းက “ သူကိုယ်တိုင် နေရာယူပုံမှားယွင်းနေတာကို သိပါတယ်။ ဒါက မဖြစ်သင့်ပေမယ့် အမှားဆိုတာ ဘောလုံးလောကရဲ့တစိတ်တပိုင်းပါပဲ။ ဒါကို ကြီးကြီးကျယ်ကျယ်လုပ်နေတာ တရားနည်းလမ်းမကျဘူးလို့ ထင်ပါတယ်”လို့ ပြောပါတယ်။