The network connection is lost.

Banner Image

ပြိုင်ဘက်အသင်းမှာ ကစားသမား ၁၂ ယောက်ဝင်ကစားနေခဲ့လို့ ပေါက်ကွဲခဲ့တဲ့ ဗန်ပါစီ

နယ်သာလန်ကလပ် ဟီရင်ဗင်းကိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက ယမန်နေ့ညက ဖော်တူနာကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းရဲ့ ကစားသမား ၁၂ ယောက်အထိဝင်ရောက်ကစားနေမှုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။  

ယခုပွဲစဉ်မှာ ဖော်တူဟာအသင်းဟာ ပွဲကစားချိန် ၈၈ မိနစ်မှာ တောင်ပံကစားသမား ဂျက်စပါကို လူစားလဲခဲ့ပေမယ့် ကစားသမားဟာ ကွင်းထဲကနေ ထွက်ခွာသွားခြင်းမရှိဘဲ ဆက်လက်ဝင်ရောက်ကစားနေခဲ့ပါတယ်။စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်တို့ကလည်း ထိုအဖြစ်အပျက်ကို သတိထားမိခြင်းမရှိခဲ့တာကြောင့် ဂျက်စပါဟာ ကွင်းထဲမှာ ၁ မိနစ်လောက်အထိ ဆက်လက်ကစားနေခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ကစားသမား ၁၂ ယောက်ဖြစ်နေကြောင်း သတိထားမိတဲ့ ဗန်ပါစီဟာ ကွင်းဘေးက စတုတ္ထဒိုင်ကို အော်ဟစ်စောဒကတက်နေခဲ့ပြီး အပြင်သို့ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက်ပွဲကစားချိန် မိနစ် ၉၀ အရောက်မှာ ဖော်တူနာဘက်က ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ၂-၂ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဗန်ပါစီက “၁၂ ယောက် ၁၁ ယောက် ကစားခဲ့ရပါတယ်။ ဒီလိုခွင့်ပြုထားတယ်ဆိုတာ ကျွန်တော်တကယ်မသိခဲ့ပါဘူး။ ကစားသမား ၁၂ ယောက်နဲ့ ၁ မိနစ်လောက်အထိကစားခဲ့ရတာ မှန်ကန်တဲ့အဖြစ်အပျက်တော့မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘယ်လိုတာဝန်ယူနိုင်မလဲမေးခဲ့ပါတယ်။ ဒါက လူကြားလို့မှမကောင်းတဲ့ အဖြစ်အပျက်ပါ။ ကစားသမား ၁၂ ယောက်နဲ့ကစားနေတဲ့အသင်းကို ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ရခက်ခဲပါတယ်။ လက်ပစ်ဘောတွေမှာတောင် ဒီလူပိုတစ်ယောက်ရဲ့ အကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ ပြီးတော့ ဘောလုံးရဲ့စည်းမျဉ်းက ၁၁ ယောက် ၁၁ ယောက်ကန်ရတာပါ။ ၁၂ ယောက် ၁၁ ယောက်မဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဟီရင်ဗင်းဟာ ပွဲကစားချိန် ၈ မိနစ်မှာပဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ၁၅ မိနစ်မှာ ဖော်တူနာက ပင်နယ်တီမှတစ်ဆင့် ပြန်လည်ချေပခဲ့ပါတယ်။ ပွဲကစားချိန် ၈၂ မိနစ်မှာတော့ ဂါဘက်ဇ်က ဟီရင်ဗင်းအတွက် ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် ပွဲပြီးကာနီးမှာချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အိမ်ကွင်းမှာ သရေ ၁ မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။