
ဇနီး ၇ ဦးရဲ့ခင်ပွန်း၊ ကလေး ၁၁ ဦးရဲ့ဖခင်၊ ပေါင်သန်းရာချီကြွယ်ဝတဲ့ဘဝကို တည်ဆောက်ထားနိုင်တဲ့ ရော်ဘတ်တိုကားလို့စ်
လွန်ခဲ့တဲ့ ၃၈ နှစ်တာကာလတုန်းက ရူပဗေဒသီအိုရီနဲ့တွေနဲ့ ဖီလာဆန့်ကျင်နေတဲ့ ဒဏ္ဍာရီဆန်ဆန် ဖရီးကစ်သွင်းဂိုးတစ်ဂိုးကို ဘရာဇီးအသင်းအတွက် ရော်ဘတ်တိုကားလို့စ်က အံ့မခန်းသွင်းယူပေးခဲ့ပါတယ်။ အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ လုပ်ခလစာတနင့်တပိုးရရှိခဲ့တဲ့ တိုက်စစ်အားသန်ဘယ်အစွန်ခံစစ်မှူးက ထူးခြားဆန်းပြားလှတဲ့ ဘောလုံးကန်ချက်တွေနဲ့အတူ ဘရာဇီးလက်ရွေးစင်အသင်းအတွက် အစဉ်မပြတ်ရှိနေပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘောလုံးလောကပြင်ပလူမှုဘဝမှာတော့ ကားလို့စ်က ဇနီးသည် ၇ ဦးနဲ့အတူ အသွေးအရောင်စုံလင်လှတဲ့ ရင်သွေး ၁၁ ဦးကို မွေးဖွားခဲ့ပါတယ်။
လတ်တလောစပိန်မှလာတဲ့သတင်းတွေအရ အသက်-၅၁ နှစ်အရွယ်ဘောလုံးဂန္တဝင်ဟာ ၁၅ နှစ်ကြာပေါင်းဖက်ခဲ့တဲ့ ဇနီးသည် မာရီယာနာလပ်ကွန်နဲ့ တရားရုံးမှတဆင့် ကွာရှင်းပြတ်စဲနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။အားကစားသတင်းစာ Estadio Deportivo ရဲ့ဖော်ပြမှုအရ လမ်းခွဲခဲ့ပြီဖြစ်တဲ့ ဒီစုံတွဲက ကားလို့စ်ပိုင်ဆိုင်တဲ့ ပေါင် ၁၃၃ သန်းတန်ကြွယ်ဝမှုအတွက် အမှုအခင်းတစ်ခုကို နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနေပြီလို့ သိရပါတယ်။ ရော်ဘတ်တိုကားလို့စ်က ရီးရဲလ်မက်ဒရစ်မှာ ၁၁ နှစ်ကြာကစားခဲ့ပြီး လာလီဂါချန်ပီယံဆုလေးကြိမ်နဲ့ ချန်ပီယံလိဂ်သရဖူ သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သတင်းစာတွေကတော့ ကားလို့စ်ဟာ ကလပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာပဲ ညပိုင်းအချိန်တွေကို ကျော်ဖြတ်ခဲ့တယ်လို့ စွပ်စွဲရေးသားခဲ့ဖူးပါတယ်။
မာရီယာနာနဲ့လမ်းမခွဲခင်အချိန်တုန်းက ကားလို့စ်က “ ကျွန်တော့်မှာ တရားဝင်ဇနီးနှစ်ဦးပဲ ရှိပါတယ်။ ကျွန်တော်နဲ့ ရင်သွေးရရှိထားတဲ့ အမျိုးသမီးတွေကို ရေတွက်ကြည့်မယ်ဆိုရင်တော့ ပိုပြီးခက်ခဲသွားပါလိမ့်မယ်” လို့ အီတလီအခြေစိုက် La Gazzetta dello Sport သတင်းစာဆီ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ ရော်ဘတ်တိုကားလို့စ်က ဘောလုံးအသင်းတစ်ခုစာ ရင်သွေးတွေကို ပိုင်ဆိုင်ထားရုံသာမက တိုက်စစ်မှူးဟောင်းရိုနယ်ဒို(မူလဘူတ ရိုနယ်ဒို၊ ဒိုကြီး)နဲ့လည်း ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။
ပြီးတော့ ကားလို့စ်က သူ့ရဲ့ဘောလုံးစွမ်းရည်တွေကို ဆက်လက်ပြသဖို့ လိုလားခဲ့ပြီး လတ်တလော ရှရူးဘူရီဒေသ Sunday League ကလပ်အသင်းတစ်ခုမှာ ပါဝင်ကစားခဲ့ပါတယ်။ သူက ဘရာဇီးသူမာရီယာနာနဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး မာနူလာနဲ့ မယ်ရီယာနာဆိုတဲ့ သမီးနှစ်ဦး မွေးဖွားခဲ့ပါတယ်။ TV Show အစီအစဉ်တစ်ခုဖြစ်တဲ့ Fiesta ရဲ့အဆိုအရ ကားလို့စ်တို့စုံတွဲက သူတို့အချင်းချင်းကြား ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးပြီလို့ သိရပါတယ်။
ဇန်နဝါရီလအစောပိုင်းမှာတော့ ကားလို့စ်က စပိန်မီဒီယာတွေရဲ့ဖော်ပြချက်နဲ့ပတ်သက်လို့ သူ့ရဲ့လူနေမှုဘဝကို မှားယွင်းပြီး အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့အတူ ထိခိုက်နစ်နာစေတယ်လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။ ကားလို့စ်က “ကျွန်တော်က ကျွန်တော့်မိသားစုဝင်တွေ ထောက်ပံ့ထားတဲ့ သီးသန့်နေအိမ်တိုက်ခန်းတစ်ခုမှာ ရှိနေပါတယ်”လို့ ဆက်ပြောပါတယ်။ လက်တင်နွယ်ဖွားအလှမယ် မာရီယာနာက သူတို့မျိုးဆက်ရဲ့အကျော်ကြားဆုံးဘောလုံးသမားတစ်ဦးနဲ့ အတူပေါင်းဖက်နေချိန်မှာလည်း သူမရဲ့လူနေမှုဘဝကို ဆိုရှယ်မီဒီယာတွေနဲ့ဝေးရာမှာ တည်ဆောက်ထားခဲ့ပါတယ်။
ဒါပေမယ့် မာရီယာနာက Nike ရဲ့ကြော်ငြာအချို့မှာ ပါဝင်သရုပ်ဆောင်ရုံသာမက ခင်ပွန်းမပါဘဲ ရင်သွေးနှစ်ဦးနဲ့အတူ ပွဲလမ်းသဘင်အခမ်းအနားတွေဆီ တက်ရောက်လာလေ့ရှိပါတယ်။စပိန်သတင်းထောက် ဂျိုးဆပ်ပက်ဒရီရို လ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ရော်ဘတ်တိုကားလို့စ်က သူ့မှာ မျိုးဆက်သစ်ရင်သွေး ၁၁ ဦးအထိရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ သူ့ရဲ့အခုလိုထုတ်ဖော်ပြောဆိုမှုရုပ်သံဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အင်တာဗျူးမှာ ရော်ဘတ်တိုကားလို့စ်က “လက်ရှိ ကျွန်တော်က သမီးလေးမာနူလာနဲ့ အတူနေထိုင်ပြီး ကျွန်တော့်ရဲ့ပတ်ဝန်းကျင်မှာလည်း ရင်သွေးတွေ အများကြီးပါတယ်။ ဘရာဇီးမှာ ခုနစ်ဦး ရှိပါတယ်။ မက္ကဆီကိုမှာ တစ်ဦး၊ ဟန်ဂေရီမှာတစ်ဦး ရှိပါတယ်။ ကျန်တဲ့ကလေးတွေကတော့ ဘရာဇီးမှာ နေထိုင်ပါတယ်”လို့ ပြောပါတယ်။
ဒီကလေးတွေအနက် ရော်ဘတ်တာ၊ ဂျီယိုဗန်နာ၊ ရော်ဘတ်တိုကားလို့စ်ဂျူနီယာတို့သုံးဦးကတော့ ကားလို့စ်ရဲ့ပထမဆုံးဇနီးသည် ပင်ဟဲရိုးမှ မွေးဖွားခဲ့တာပါ။ ပင်ဟဲရိုးနဲ့ ကားလို့စ်တို့ရဲ့အိမ်ထောင်ရေးကို နှစ်ဦးသဘောတူဆုံးဖြတ်ကာ ရပ်စဲဖြစ်ခဲ့ပုံကို ပင်ဟဲရိုးက “ ကျွန်မတို့နှစ်ဦးအကြား ဆက်ဆံရေးက အေးစက်လာခဲ့ပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦးအကြား အမုန်းတရားနဲ့ ရန်ငြိုးဖွဲ့တာမျိုး မရှိရလေအောင် ကျွန်မတို့နှစ်ဦး ဆက်ဆံရေးကို နှစ်ဦးသဘောတူရပ်စဲပြီး မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေဖို့ လိုလားခဲ့ပါတယ်”လို့ Hola! Magazine နဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။
ဖခင်နဲ့ မိခင်တို့အကြား လက်မထပ်ဘဲ ရရှိခဲ့တဲ့ အခြားရင်သွေးတွေကတော့ ရီဘက်ကာ၊ ခရစ္စတိုဖာနဲ့ ကားလို့စ်အက်ဒူယာဒိုတို့ပဲ ဖြစ်ပါတယ်။ ကားလို့စ်ရဲ့ရင်သွေး ၁၁ ဦးအမည်အားလုံးကိုတော့ မသိရှိနိုင်ခဲ့ပါဘူး။ ကားလို့စ်နဲ့သိကျွမ်းတဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဘတ်တစ္စတာက “ကားလို့စ်က သူ့ရဲ့ကလေးတွေနဲ့ ဖူလ်ဆယ်အသင်းတစ်ခု ထူထောင်နိုင်ပြီး လူစားလဲလှယ်မှုအချို့လည်း ပြုလုပ်နိုင်ပါတယ်”လို့ ၂၀၁၈ ခုနှစ်၊ စပိန်တီဗွီရှိုးအစီအစဉ်တစ်ခုမှာ အရွှမ်းဖောက်သွားခဲ့ပါတယ်။
အသက်-၂၂ နှစ်အရွယ် လူငယ်လေးတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာက လက်ရှိမှာ ရီးရဲလ်မက်ရစ်ရဲ့ ညီနောင်ကလပ်အသင်းတစ်ခုဖြစ်တဲ့ CD Canillas အတွက် ပါဝင်ကစားပေးနေပါတယ်။ ကားလို့စ်ရဲ့သမီးဖြစ်သူ၊ အသက်-၂၇ နှစ်အရွယ် ဂျီယိုဗန်နာကတော့ ၂၀၁၇ ခုနှစ်မှာ သူမရဲ့ပထမဦးဆုံးရင်သွေးကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက အသက်-၄၄ နှစ်သာရှိသေးတဲ့ ရော်ဘတ်တိုကားလို့စ်ဟာ မြေးတစ်ဦးပိုင်ဆိုင်ထားတဲ့ အဘိုးဘဝဆီ ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။
အတိတ်ကာလမှာ အရပ် ၅ ပေ ၆ လက်မအမြင့်ရှိ ကားလို့စ်က ချောမောလှပတဲ့အမျိုးသမီးများစွာနဲ့ စုံတွဲခုတ်ခဲ့ပါတယ်။ မာရီယာနာနဲ့လက်မထပ်ခင်မှာဘဲ သူက ဘရာဇီးမော်ဒယ်ဂျင်းဘောဂတ်စ်နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ ဒါ့အပြင် သူက ခရစ္စတိုဖာရဲ့မိခင်ဖြစ်လာမယ့် ဟန်ဂေရီမော်ဒယ် ဟော်ဗက်နဲ့လည်း ချိန်းတွေ့ခဲ့ဖူးပါတယ်။ အခုလို ချစ်သူရည်းစားဇနီးမယားတွေ အများကြီးရှိခဲ့ပေမယ့် ကားလို့စ်က သူ့ရဲ့အိပ်ချိန်တွေကို သွေးသောက်ညီအစ်ကို ရိုနယ်ဒိုနဲ့ပဲ ပိုမိုကုန်ဆုံးစေခဲ့ပါတယ်။ ရယ်ရွှင်ဖွယ်အင်တာဗျူးအစီအစဉ်တစ်ခုမှာ ရိုနယ်ဒိုက “ကျွန်တော့်အတွက် အကောင်းဆုံးအသင်းဖော်က ရော်ဘတ်တိုကားလို့စ်ပါ။ ကျွန်တော့်ဘဝမှာ မိန်းမတွေနဲ့အတူရှိခဲ့ဖူးတဲ့အချိန်ထက် လေ့ကျင့်ရေးကွင်းမှာ ကားလို့စ်နဲ့ တစ်ခန်းတည်းအတူအိပ်ခဲ့ရတဲ့ အချိန်တွေက ပိုမိုများပြားပါတယ်။
ကျွန်တော့်ဘဝရဲ့နှစ် ၂၀ လောက်အချိန်ကာလကို ရော်ဘတ်တိုကားလို့စ်နဲ့ပဲ လက်ရွေးစင်အသင်းမှာရော၊ ရီးရဲလ်မက်ဒရစ်အသင်းမှာရော၊ ကိုရင်သီယန်အသင်းမှာပါ ကုန်ဆုံးခဲ့ရပါတယ်”လို့ ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကားလို့စ်ရဲ့ အံ့အားသင့်ဖွယ်ဖရီးကစ်သွင်းဂိုးကတော့ ပြင်သစ်နဲ့ ၁၉၉၇ ခုနှစ်မှာ ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲစဉ်မှာ ပေါ်ပေါက်လာခဲ့တာပါ။ နောက်ပိုင်းမှာ ရိုနယ်ဒိုက ပြင်သစ်နဲ့ပဲ ရင်ဆိုင်ရတဲ့ ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် လေဖြတ်ဝေဒနာခံစားရချိန် ကားလို့စ်ရဲ့ကယ်တင်ပေးမှုကို အသိအမှတ်ပြုချီးကျူးသွားခဲ့ပါတယ်။ ဒီဝေဒနာကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ပွဲထွက်လူစာရင်းမှာ ရိုနယ်ဒိုကို နေရာပေးသင့်သလားဆိုတဲ့ အတွေးအခေါ်လွန်ဆွဲမှုပြဿနာလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။
Brazil 2002: The Real Story မှတ်တမ်းရုပ်ရှင်မှာ ကားလို့စ်က “ ကျွန်တော့်အတွက်တော့ ရိုနယ်ဒိုကို ဂရုစိုက်ပေးရတာ အရမ်းလွယ်ကူခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ဦးက တစ်ခန်းတည်းအတူနေကြတာပါ။ အခုကိစ္စကလည်း သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ‘အိုကေ၊ တစ်ခုခုဖြစ်လာရင် ငါ ကူညီပေးရမယ်၊ အခြေအနေကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ဆရာဝန်ခေါ်ပေးရမယ်’လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော်က ဆရာဝန်ကိုရော၊ အခန်းချင်းကပ်ရပ်မှာရှိတဲ့ လီယိုနာဒို၊ အက်ဒ်မန်ဒိုတို့ကိုရော အော်ခေါ်ခဲ့ပါတယ်။
သူနဲ့အတူ အခန်းထဲမှာ တစ်ဦးဦးမရှိခဲ့ဘူးဆိုရင် အခြေအနေပိုဆိုးသွားနိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ဘောလုံးသမားတွေက တစ်ခန်းတည်း အတူမနေကြတော့ပါဘူး”လို့ ပြောပါတယ်။ ဆယ်စုနှစ်သုံးခုအကြာ ဖြတ်သန်းပြီးချိန်မှာတော့ ရော်ဘတ်တိုကားလို့စ်က ကမ္ဘာပေါ်ရှိ အချမ်းသာဆုံးဘောလုံးသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ဒေးဗစ်ဘက်ခမ်း၊ ရိုနယ်ဒို၊ ဇီဒန်း၊ ဖီဂိုနဲ့ ရာအူးလ်တို့လို နာမည်ကျော်ဘောလုံးသမားတွေပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်စင်စုအသင်းမှာ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်က အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ လစာငွေအများအပြားရရှိခဲ့သလို ကစားသမားဘဝနှောင်းပိုင်းကာလတွေမှာလည်း လုပ်ခလစာပေါင် ၈ ဒဿမ ၃ သန်းဝန်းကျင် ရရှိမယ့် နှစ်နှစ်သက်တမ်းရှိ သဘောတူညီမှုဖြင့် ရုရှားကလပ် အန်ဇီမှာ ပါဝင်ကစားခဲ့ပါတယ်။
အခုလို မက်မောလောက်စရာ စာချုပ်စာတမ်းတွေအပြင် ကားလို့စ်က Nike, Adidas, Pepsi, Gillette တို့နဲ့ စပွန်ဆာစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ကားလို့စ်က ၂၀၁၉ ခုနှစ်၊ အသက်-၃၉ နှစ်အရွယ်မှာ ကစားသမားဘ၀ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးဝါသနာကြီးမားလွန်းသူက အိန္ဒိယစူပါလိဂ်ကလပ်အသင်း ဒေလီဒိုင်နမိုအတွက် ပါဝင်ကစားပေးဖို့ ဘောလုံးကွင်းတွေဆီ ခြေဦးလှည့်ခဲ့ပါတယ်။ သူက ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ဒေလီဒိုင်နမိုအတွက် ကစားသမား/နည်းပြ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒါ့အပြင် ကားလို့စ်က မကြာသေးမီနှစ်တွေအတွင်း ရှရူးဘူရီဒေသ၊ Sunday League ကလပ်အသင်းတစ်ခုအတွက် ပါဝင်ကစားပေးဖို့ ဘောလုံးကွင်းတွေဆီ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ကားလို့စ်က ၂၀၂၂ ခုနှစ်မှာ Bull in The Barne United အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ပယ်နယ်တီမှတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သွင်းဂိုးက ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း အသင်းအတွက် လုံလောက်တဲ့ အကူအညီ မဖြစ်လာခဲ့ပါဘူး။ ပွဲမတိုင်ခင် ကားလို့စ်က “၁၉၉၀ ပြည့်နှစ်လွန်ကာလတွေမှာ ဘာမင်ဂမ်အသင်းနဲ့ ကျွန်တော် လက်မှတ်ရေးထိုးဖို့ အတော်လေးနီးစပ်ခဲ့တဲ့ အခိုက်အတန့်တွေကို ဂုဏ်ပြုရင်းနဲ့ ရှရူးဘူရီဒေသခံ Bull in The Barne အသင်းမှာ ပါဝင်ကစားပေးရလို့ စိတ်လှုပ်ရှားမိပါတယ်။
ဒီအသင်းက အခုဘောလုံးရာသီမှာ ကစားသမားအများစုနဲ့ လမ်းခွဲခဲ့တယ်လို့ ကျွန်တော်ကြားသိရပါတယ်။ ဒါကြောင့် အသင်းကို ကူညီပေးဖို့နဲ့ Bull in The Barne ပရိသတ်တွေ မြင်တွေ့လိုတဲ့ အရာကို သယ်ဆောင်ပေးလာဖို့ ကျွန်တော့်ရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေက လုံလောက်စေမယ်လို့ မျှော်လင့်မိပါတယ်” လို့ ပြောပါတယ်။ထက်မြက်တောက်ပလှတဲ့ ဘောလုံးသမားဘဝအပါအဝင် အိမ်ခြံမြေလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှတဆင့် ခန့်မှန်းခြေ ပေါင် ၁၃၃ သန်းအထိရှိတဲ့ ချမ်းသာကြွယ်ဝမှုကို ကားလို့စ် ရရှိခဲ့ပါတယ်။ ဒီလိုစည်းစိမ်ဥစ္စာတွေက မာရီယာနာနဲ့ ကွာရှင်းမှုတိုက်ပွဲ အရှိန်အဟုန်ပြင်းထန်လာတာနဲ့အမျှ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။