The network connection is lost.

Banner Image

ခရစ္စမတ်အားလပ်ရက်မှာ ဘာစီလိုနာအနေနဲ့ ဘာတွေမှားနေသလဲ စဉ်းစားဖို့အချိန်ရခဲ့ကြောင်း ပြောကြားလာတဲ့ လီဝန်ဒေါစကီး

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို ၅-၂ နဲ့အနိုင်ရကာ ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းဟာ ခရစ္စမတ်အားလပ်ရက်အတွင်း အမှားတွေကိုပြန်လည်ရှာဖွေဖို့ အချိန်ရခဲ့တာကြောင့် အခုလို လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

ခရစ္စမတ်အားလပ်ရက်အပြီး ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၃ ပွဲကစားထားရာမှာ ၃ ပွဲစလုံးကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် လီဝန်ဒေါစကီးက အသင်းဟာ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးကို ပြန်လည်ထိန်းသိမ်းသွားတော့မှာဖြစ်ပြီး ဆုဖလားတွေလည်းထပ်မံရယူသွားမယ်လို့ဆိုပါတယ်။ 

ပိုလန်လက်ရွေးစင်က “ဒီရာသီ ကျွန်တော်တို့ကစားခဲ့တဲ့ပွဲတွေအကြောင်းပြောရမယ်ဆိုရင် ခရစ္မမတ်မတိုင်ခင်ကပွဲတွေကို စဉ်းစားမိပါတယ်။ လာလီဂါမှာကျွန်တော်တို့ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ခရစ္စမတ်အားလပ်ရက်က ကလပ်မှာဘာတွေမှားနေလဲဆိုတာ အဖြေရှာကြဖို့ အချိန်ကောင်းဖြစ်ခဲ့တယ်လို့ထင်ပါတယ်။ ရာသီကုန်အထိ ပွဲတွေအများကြီးကစားဖို့ကျန်နေသေးပေမယ့် ကျွန်တော်တို့က ကစားသမား ၁၀ ယောက်တည်းနဲ့တောင် အနိုင်ရလဒ်ကိုပုံဖော်ဖို့ အတွေ့အကြုံတွေ့ရှိနေပါပြီ”

“ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ရတာ အမြဲတမ်း ခက်ခဲပါတယ်။ အထူးသဖြင့် အခုက ဗိုလ်လုပွဲစဉ်ပါ။ ဒီလိုခြေစွမ်းမျိုးနဲ့ လာလီဂါမှာလည်း ဆက်ကစားနိုင်ဖို့လိုပါတယ်။ အခုထက်ပိုပြီး ဆုဖလားတွေလိုချင်ပါသေးတယ်။ လာမယ့် ၃ ရက်အတွင်း ကျွန်တော်တို့ နောက်ထပ်တစ်ပွဲကစားသွားရပါဦးမယ်။ ဒီရာသီက အားလုံးအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး နောက်ပွဲတွေအတွက် ဆက်တိုက်ဆိုသလိုပြင်ဆင်ထားရပါတယ်။ ဒီနေ့မှာပျော်လို့ရပေမယ့် မနက်ဖြန်မှာတော့ ဘက်တစ်နဲ့ပွဲအတွက် ပြင်ဆင်ရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးသွင်းယူပြီး ဘာစီလိုနာရဲ့အောင်ပွဲအတွက် အရေးပါတဲ့ကစားသမားဖြစ်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဒီရာသီပြိုင်ပွဲစုံမှာ အသင်းအတွက် ၂၆ ဂိုးအထိသွင်းယူထားနိုင်ပြီးဖြစ်ပါတယ်။