
မက်ဆီကို ရပ်တန့်နိုင်ရန် နည်းလမ်းရှာဖွေနေကြောင်း ထုတ်ပြောလာတဲ့ ပြိုင်ဘက်နည်းပြ ဘန်အိုလ်ဆင်
ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်းကနေ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားကာ ခြေစွမ်းပြနေတဲ့ မက်ဆီအနေဖြင့် ယူအက်စ်အိုပင်းဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် ဟောက်ဆန်ဒိုင်နမိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ပွဲစဉ်မတိုင်မီ ပြိုင်ဘက်နည်းပြ ဘန်အိုလ်ဆင်က ကြုံးဝါးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
အင်တာမီယာမီအသင်းနဲ့ ဟောက်ဆန်ဒိုင်နမိုအသင်းတို့က အိုးပင်းဖလား ဗိုလ်လုပွဲစဉ်အဖြစ် စက်တင်ဘာလ ၂၈ ရက်နေ့ (နံနက်ဖြန်)တွင် ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး အင်တာမီယာမီအသင်းနဲ့အတူ ကစားခဲ့တဲ့ ပွဲစဉ် ၁၂ ပွဲတွင် သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ မက်ဆီရဲ့ ခြေစွမ်းပိုင်းကောင်းမွန်မှုက ပြိုင်ဘက်ကလပ်အသင်းအတွက် ကစားရခက်ခဲစေနိုင်တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ကာ စာချုပ်သက်တမ်း ကုန်ချိန်မှာ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက မက်ဆီအနေဖြင့် အဓိက ပြိုင်ဘက် ပေါ်တူဂီဝါရင့်တိုက်စစ်မှုး သွားရောက်ကစားနေတဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့နိုင်ပြီး အယ်ဟီလယ်အသင်းက မြင့်မားတဲ့ လုပ်ခ နှုန်းထားဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၄၀၀ ဖြင့် ကမ်းလှမ်းထားခဲ့ကြောင်းပါ နာမည်ကြီးခဲ့ပေမယ့် အင်တာမီယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုလ်လုပွဲစဉ်တွင် မက်ဆီကို ထိန်းချုပ်နိုင်ရန် နည်းလမ်းရှာဖွေနေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ နည်းပြ ဘန်အိုလ်ဆင်က“မက်ဆီကို ဘယ်လိုရပ်တန့်သွားရမလဲဆိုတာကို နည်းလမ်းရှာဖွေနေပါတယ်။ တကယ်လို့ ထိန်းချုပ်နိုင်မယ့် နည်းလမ်းကောင်းရှိနေပြီးဖြစ်တယ်ဆိုရင်လည်း ပြောပြနေမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အများကြီး ရှင်းပြမနေချင်ပါဘူး”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။