The network connection is lost.

Banner Image

အလွန်ဆိုအနေနဲ့ လီဗာပူးကို ပြောင်းရွှေ့မယ့်အစား ရီးရဲလ်မက်ဒရစ်ကနေ အန်ဆယ်လော့တီထွက်ခွာမယ့်အချိန်ကိုသာ စောင့်သင့်တယ်လို့ဆိုလာတဲ့ ရေနာကယ်လ်မွန်

လေဗာကူဆင်ဥက္ကဌဟောင်း ရေနာကယ်လ်မွန်က ဇာဗီအလွန်ဆိုအနေနဲ့ ယာဂင်ကလော့ပ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ လီဗာပူးသို့ပြောင်းရွှေ့မယ့်အစား ရီးရဲလ်မက်ဒရစ်ကနေ အန်ဆယ်လော့တီ ထွက်ခွာမယ့်အချိန်ကိုသာ စောင့်ဆိုင်းသင့်တယ်လို့ အကြံပေးလာခဲ့ပါတယ်။

လေဗာကူဆင်နဲ့အတူ တောက်ပတဲ့ စွမ်းဆောင်ရည်ကိုတောက်လျှောက်ပြသထားနိုင်ပြီး စံချိန်တွေ တစ်ခုပြီးတစ်ခု ရယူထားနိုင်တဲ့ နည်းပြဇာဗီအလွန်ဆိုကို ဥရောပအသင်းကြီးတော်တော်များများစိတ်ဝင်စားနေတာကြောင့် အလွန်ဆိုအနေနဲ့ ခက်ခဲတဲ့ရွေးချယ်မှုတွေကို ပြုလုပ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စပိန်သားဟာ လီဗာပူးကိုပြောင်းရွှေ့ဖို့ဖြစ်နိုင်ချေအများဆုံးဖြစ်နေပြီး အန်ဖီးလ်ကို တစ်ကျော့ပြန်လည်ရောက်ရှိလာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကလည်း ရာသီကုန်မှာအသင်းနည်းပြ သောမတ်စ်တူချယ်နဲ့ လမ်းခွဲတော့မှာဖြစ်တာကြောင့် အလွန်ဆိုကို အစားထိုးဖို့အတွက် ဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ထားတာဖြစ်ပါတယ်။  ယခုအခါမှာတော့ လေဗာကူဆင် ဥက္ကဌဟောင်း ရေနာကယ်လ်မွန်က အလွန်ဆိုအနေနဲ့ လီဗာပူးကို ပြောင်းရွှေ့မယ့်အစား လေဗာကူဆင်မှာပဲ ဆက်လက်နေထိုင်ပြီး ရီးရဲလ်မက်ဒရစ်ကနေ အန်ဆယ်လော့တီထွက်ခွာမယ့်အချိန်ကိုစောင့်ကာ စပိန်မြို့တော်သို့ပြောင်းရွှေ့သင့်တယ်လို့ အကြုံလာခဲ့ပါတယ်။

ရေနာကယ်လ်မွန်က “အလွန်ဆိုအနေနဲ့ လီဗာပူးကိုပြောင်းရွှေ့သင့်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါကသူ့အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုဆိုတော့ မှန်ပါတယ်။ သူကလီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလားရခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့လည်း ဘွန်ဒက်စ်လီဂါ ၃ ကြိမ်ရခဲ့ပါတယ်။ ဒါကြောင့် ဒီအသင်းတွေက သူ့ကို အလုပ်ခန့်ချင်နေတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်မှာ ဘာတွေဖြစ်လာဦးမလဲ စောင့်ကြည့်ရပါဦးမယ်။ အန်ဆယ်လော့တီ ထွက်သွားတော့မှာလားပေါ့။ ကျွန်တော်ကတော့ သူ့ကို လီဗာပူးဆီသွားဖို့ အကြံမပေးပါဘူး။ လေဗာကူဆင်မှာပဲ နောက်ထပ် ၁ နှစ် ၂ နှစ်လောက်ဆက်နေပြီး ရီးရဲလ်မက်ဒရစ်ကိုပြောင်းဖို့ စောင့်သင့်တယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကယ်လ်မွန်က အလွန်ဆိုဟာ လေဗာကူဆင်မှာ နောက်ထပ်တစ်နှစ်ဆက်နေမယ့်အကြောင်းကို “သူအသင်းကနေ ထွက်သွားတော့မယ်လို့ အမျိုးမျိုးအဖုံဖုံရေးနေကြပေမယ့် ဒါတွေကို ယုံကြည်နေလို့မရပါဘူး။ ကျွန်တော်ကတော့ သူ လေဗာကူဆင်မှာ နောက်တစ်နှစ်ဆက်နေဦးမယ်လို့ အခိုင်အမာယူဆထားပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ သူကအရာအားလုံးကို အနိုင်ရပြီးပါပြီ။ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုလည်း ယူခဲ့ပါတယ်။ အန်ဆယ်လော့တီက ရီးရဲလ်နဲ့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခဲ့ရင်လည်း သူ့အတွက် အန္တရာယ်မရှိပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ လေဗာကူဆင်ဟာ အလွန်ဆိုရဲ့ဦးဆောင်မှုနဲ့အတူ ဥရောပရဲ့ ရလဒ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ပြိုင်ပွဲစုံ ၃၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ လာမယ့်တနင်္ဂနွေနေ့မှာတော့ အလွန်ဆိုရဲ့အသင်းဟာ ဝုဖ်ဘတ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။