
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လာလီဂါချန်ပီယံပြေးလမ်းတစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေတဲ့ အန်ဆယ်လော့တီ
အခုရာသီလာလီဂါပြိုင်ပွဲမှာ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်လိုမျိုး တစ်ဦးတည်းအပြတ်အသတ်ဦးဆောင်ထားနိုင်တဲ့ အခြေအနေမဖြစ်ပေါ်လာနိုင်ဘဲ အသင်းများစွာပါဝင်တဲ့ ချန်ပီယံပြေးလမ်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ကာလရှည်သိမ်းပိုက်ထားနိုင်တဲ့ကလပ်အသင်း ပေါ်ပေါက်လာဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်လို့ လက်ရှိချန်ပီယံတွေရဲ့နည်းပြဖြစ်သူ အန်ဆယ်လော့တီက ပြောပါတယ်။
ရာသီစတင်ချိန်ကတည်းကပင် အမှတ်ပေးဇယားကိုဦးဆောင်လာတဲ့ ဘာစီလိုနာအသင်းက နောက်ဆုံးကစားခဲ့တဲ့လိဂ်ခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိကာ ခြေချော်ပြီးနောက် အက်သလက်တီကိုမက်ဒရစ်ဆီ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လွှဲပြောင်းပေးခဲ့ရကာ အမှတ်ပေးဇယားတတိယနေရာဆီ ရောက်ရှိသွားပါတယ်။
၁၈ ပွဲကစား၊ ၄၀ မှတ်အထိ စုဆောင်းထားနိုင်တဲ့ အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုမက်ဒရစ်ရဲ့နောက်၊ တစ်မှတ်အကွာမှာရှိနေပြီး ဒီည၊ တန်းဆင်းဇုန်အတွင်းရှိ ဗလန်စီယာကို အဝေးကွင်းမှာ အနိုင်ယူနိုင်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ လာလီဂါရဲ့ပြိုင်ဆိုင်မှုအဆင့်အတန်းကြောင့် ချန်ပီယံဆုရယူဖို့ လိုအပ်မယ့် အမှတ်အရေအတွက် အနည်းငယ်လျော့ကျသွားနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ရှိနေတဲ့အချက်ကြောင့် မသေချာမရေရာမှုတွေ ဖြစ်ပေါ်စေပြီး ချန်ပီယံဖြစ်လာဖို့ ရမှတ် ၉၀ အောက်ပဲ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက ဘာစီလိုနာအသင်း ပုံစံကောင်းပျောက်ဆုံးသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူးလို့ ဝန်ခံပြောဆိုလိုက်ပြီး ကတ္တလန်ကလပ်မှာ လမ်းကြောင်းမှန်ဆီ ပြန်လည်ရောက်ရှိလာဖို့ အခွင့်အရေးကြီးကြီးမားမားရှိနေပါတယ်လို့ သုံးသပ်ခဲ့ပါတယ်။
အန်ဆယ်လော့တီက “ခြေချော်လိုက်ပြီဆိုတာနဲ့ အခုလိုမျိုးပြိုင်ဆိုင်မှုတွေ ချက်ချင်းရောက်ရှိလာပါလိမ့်မယ်။ ဘာစီလိုနာမှာရော၊ အက်သလက်တီကိုမက်ဒရစ်ဆီမှာပါ ကျွန်တော်တို့နဲ့အပြိုင် ထိပ်တိုက်ရင်ဆိုင်ဖို့ အခွင့်အရေး ညီတူညီမျှရှိနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာပြီးနောက် လာလီဂါချန်ပီယံဆု နှစ်ကြိမ်ရယူနိုင်ခဲ့တဲ့ အန်ဆယ်လော့တီက ရုန်းကန်နေရတဲ့ဗလန်စီယာနဲ့ရင်ဆိုင်ရချိန် လွယ်ကူတဲ့နိုင်ပွဲတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။အသက်-၆၅ နှစ်အရွယ်နည်းပြကြီးက “အခုပွဲစဉ်ကိုတော့ စိတ်လှုပ်ရှားဖွယ်ရာ စိန်ခေါ်မှုအသစ်တွေနဲ့ စတင်သွားရပါမယ်။ တောင်းဆိုမှုများပြားတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ နှစ်သစ်ကို အကောင်းဆုံးစတင်သွားချင်ပါတယ်”လို့ ဆိုပါတယ်။