The network connection is lost.

Banner Image

ရှုံးထွက်အဆင့်မှာ မန်စီးတီးနဲ့ မတွေ့ဆုံချင်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ

ချန်ပီယံလိဂ်အကြိုရှုံးထွက်အဆင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံတွေအတွက် မန်စီးတီးနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့် အလားအလာကို ရှောင်ရှားသွားနိုင်ဖို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ မျှော်လင့်နေပါတယ်။ ဒီနေ့မနက်ပိုင်း၊ ဘရက်စ်ကို အဝေးကွင်းမှာ ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြိုင်ပွဲဝင်ကလပ်အသင်း ၃၆ ခုပါ အမှတ်ပေးဇယားမှာ အဆင့်-၁၁ နေရာနဲ့ ပိတ်သိမ်းပြီး နောက်ဆုံး ၁၆ သင်း အဆင့်ရှုံးထွက်အဆင့် တက်ရောက်နိုင်ရန်အတွက် မန်စီးတီး(သို့မဟုတ်)ဆဲလ်တစ်ကို ကျော်ဖြတ်သွားနိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။

အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အတွက် ချန်ပီယံလိဂ်ဆုဖလား သုံးကြိမ်အထိ ဆွတ်ခူးပေးခဲ့ပြီး ဒီသုံးကြိမ်အနက် နှစ်ကြိမ်မှာ ကလပ်အသင်းကို ဒုတိယအကြိမ်ကိုင်တွယ်တဲ့ကာလအတွင်း ရယူပေးခဲ့တာပါ။ အထူးသဖြင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတို့မှာ ချန်ပီယံလိဂ်ဆုဖလားရယူဖို့ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ကျော်ဖြတ်ခဲ့ရပေမယ့် အီတာလျံဝါရင့်နည်းပြကြီးကတော့ ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့ နောက်ထပ်တစ်ကြိမ်ရင်ဆိုင်ရနိုင်တဲ့ အလားအလာကို ရှောင်လွှဲသွားနိုင်ဖို့ လိုလားနေပါတယ်။

ပြင်သစ်မြေ၊ ရီးရဲလ်မက်ဒရစ်ရဲ့နိုင်ပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ကျွန်တော်တို့တွေ မန်စီးတီးနဲ့ မကစားချင်ပါဘူး။ ဒါပေမယ့် လိုအပ်လာရင်တော့ လုပ်စရာရှိတာကို လုပ်သွားရပါလိမ့်မယ်။ မန်စီးတီးက ဆဲလ်တစ်ထက်စာရင် ချန်ပီယံလိဂ်ဆုဖလားရယူဖို့ အခွင့်အရေးပိုများပါတယ်။ ဒါက မဲခွဲမှုနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ချင်ရင် ပွဲတိုင်းကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အန်ဆယ်လော့တီက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အထနှေးမှုတွေကြောင့် အသင်းအတွက် အကြိုရှုံးထွက်အဆင့်ကိုကျော်လွှားနိုင်မယ့် အခွင့်အရေးတစ်ခု ဆုံးရှုံးသွားခဲ့တယ်လို့ ပြောပါတယ်။ သူက “အခုပြိုင်ပွဲရဲ့အစောပိုင်းကာလတွေကတည်းက ကျွန်တော်တို့တွေ ရုန်းထနိုင်ခဲ့သင့်ပါတယ်။ အခုတော့ မြင်တွေ့ရတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ”လို့ ဆိုပါတယ်။ ချန်ပီယံလိဂ်အကြိုရှုံးထွက်ပွဲစဉ်တွေအတွက် မဲခွဲမှုကို လာမယ့်သောကြာနေ့၊ နီယွန်မြို့မှာ ကျင်းပသွားပါမယ်။