
ဗင်နီစီးယက်စ်ကိုစာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရသေးတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့တောင်ပံကြယ်ပွင့်ကစားသမား ဗင်နီစီးယက်စ်ကို ယခုနွေရာသီအတွင်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ နည်းပြဇာဘီအလွန်ဆိုရဲ့ အားထားရတဲ့ကစားသမားဖြစ်လာဖို့ရှိပေမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ပီအက်စ်ဂျီကို ၄-၀ နဲ့အရှက်တကွဲရှုံးနိမ့်ကာထွက်ခွာခဲ့ရပြီးနောက်မှာ နှစ်ဦးစလုံးအတွက် မေးခွန်းထုတ်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာ အလွန်ဆိုဟာ ဗင်နီစီးယက်စ်အပါအဝင် ရီးရဲလ်မက်ဒရစ်ရဲ့ကစားသမားတွေကို ဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေက ဘရာဇီးသားရဲ့အနာဂတ်အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ဗင်နီစီးယက်စ်ကို ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်လို့သိရပေမယ့် ကစားသမားဟာ ထိပ်တန်းဘောလုံးအဆင့်မှာပဲ ဆက်လက်ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် ဥရောပမှာပဲ ဆက်လက်နေထိုင်သွားဖို့ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီစီးယက်စ်ကို ယခုနွေရာသီနှောင်းပိုင်းမှာပဲ စာချုပ်သက်တမ်တိုးမြှင့်ဖို့စီစဉ်ထားပြီး ဆွေးနွေးညှိနှိုင်းမှုတွေကအဆင်ပြေနေခဲ့ပေမယ့် ယခုအခါမှာတော့ သဘောတူညီမှုရရှိဖို့ ခက်ခဲနေပါတယ်။ လက်ရှိ ဘရာဇီးသားရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ၂၀၃၀ အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာတော့ ဗင်နီစီးယက်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့စာချုပ်သက်တမ်းတိုးမြှင့်သွားဖို့ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။
အသက်-၂၄ နှစ်အရွယ်ကစားသမားက "ကျွန်တော်ဒီမှာ နှစ်တွေအများကြီးဆက်နေနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော့်ဘဝရဲ့ကလပ်ပါ။ အသင်းရဲ့နည်းပြ အသင်းဖော်တွေနဲ့ အရမ်းပျော်နေပါတယ်။ ဝန်ထမ်းတွေနဲ့လည်း ရင်းနှီးနေတာကြောင့် ဒီမှာဆက်နေနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီထာခြင်းမရှိတာကြောင့် ယခုနွေရာသီအပြောင်းအရွှေ့အတွင်းမှာပဲ ဗင်နီစီးယက်စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြောင်းအလဲတွေဖြစ်လာမလား ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။