အလာဘာ ပြန်ကစားနိုင်မယ့် ရက်ကိုသတ်မှတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်လ လက်စ်ပါးမက်စ်နှင့်ပွဲမှာ ပြန်ကစားနိုင်ဖို့ စောင့်မျှော်နေရတဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ အလာဘာဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ACL ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးပမ်းမှုရဲ့ အစပိုင်းတွင် နှောက်နှေးမှုများရှိခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှာသာ အသင်းရဲ့လေ့ကျင့်ရေးအစီစဉ်များတွင် ပါဝင်နိုင်ခဲ့ပါတယ်။
MARCA ရဲ့ အဆိုအရ အလာဘာဟာ လာလီဂါရဲ့ ဆောင်းရာသီအားလပ်ရက်အပြီးမှသာ အသင်းလေ့ကျင့်ရေးတွင် အပြည့်အဝပြန်လည်နိုင်မှာဖြစ်ပြီး ယခုအခါတွင် သူ့ရဲ့ကြံ့ခိုင်မှုကို သက်သေပြရန် ရက်သတ္တပတ်များစွာ အချိန်ပေးရမှာဖြစ်ပါတယ်။ စီစဉ်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင် အလာဘာအနေနဲ့ ဇန်နဝါရီ ၁၉ ရက် လက်စ်ပါးမက်စ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မက်ဒရစ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ယုံကြည်နေပါတယ်။
မီလီတာအိုဟာ ဒုတိယမြောက် ACL ဒဏ်ရာကို ခံစားခဲ့ရပြီးနောက် စီနီယာ ဗဟိုနောက်ခံလူအဖြစ် အန်တိုနီယို ရူဒီဂါ တစ်ဦးသာကျန်ရှိနေတဲ့ အန်ဆယ်လော့တီအတွက်တော့ အလာဘာရဲ့ ပြန်ကောင်းလာမှုက အားတက်စရာဖြစ်ပါတယ်။ ဗယ်လီဂျိုက ကစားနိုင်သော်လည်း ပွဲထုတ်ဖို့ နည်းပြက ယုံကြည်မရှိနေတာဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား ချူအာမီနီက တခါတရံမှာ နောက်တန်းကို ဖြည့်ကစားပေးရပြီး လူငယ်ကစားသမား အက်ဆန်စီယိုကလည်း နောက်တန်းမှာကစားနေရတာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြ အန်ဆယ်လော့တီကတော့ အလာဘာရဲ့ အတွေ့အကြုံကိုသာ အလိုရှိနေတာဖြစ်ပါတယ်။
သို့သော်လည်း ပြန်ကစားနိုင်မယ့်ရက်က ဇန်နဝါရီလဝက်ဖြစ်ပြီး ဗလင်စီယာ၊ ဒီပို့တီဗို့၊ မာယော့ကာနှင့် စူပါကိုပါဒီအက်စ်ပန်နာ ဗိုလ်လုပွဲတို့ကို လွဲချော်မှာဖြစ်ပါတယ်။