ရာသီကုန်အထိမစောင့်ဘဲ ယခုအပြောင်းအရွှေ့ကာလမှာပဲ အာနိုးလ်ကို ခေါ်ယူဖို့ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးနောက်ခံကြယ်ပွင့်အလက်ဇန်းဒါးအာနိုးလ်ကို ရာသီကုန်အထိ မစောင့်တော့ဘဲ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်ကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာကတည်းက ချိတ်ဆက်မှုအချို့ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ အသက်-၂၆ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ဟာ ယခုရာသီကုန်မှာပဲ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆန္ဒမရှိတာကြောင့် အန်ဖီးလ်ကနေထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပါတယ်။
ဒါကြောင့် အာနိုးလ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြင်ပက ကလပ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ အခွင့်အရေးရှိနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ချိတ်ဆက်မှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ သတင်းတွေအရ စပိန်ချန်ပီယံတွေဟာ အာနိုးလ်ကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ပေမယ့် ရာသီကုန်အထိ မစောင့်ဆိုင်းတော့ဘဲ လက်ရှိအချိန်မှာပဲ ပေါင်သန်း ၂၀ ဝန်းကျင်နဲ့အပြီးသတ်ခေါ်ယူနိုင်ဖို့ကြိုးစားနေတယ်လို့သိရပါတယ်။
သို့သော်လည်း လီဗာပူးဘက်ကတော့ အသင်းရဲ့အရေးပါတဲ့ ကစားသမားကို အန်ဖီးလ်မှာဆက်လက်ထိန်းသိမ်းလိုနေပြီး ၂၀၂၄-၂၅ ရာသီအတွင်း ဆုဖလားအောင်မြင်မှုရရှိရေးအတွက် ဆက်လက်အသုံးချလိုနေတာဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးဟာ ကစားသမားကို အသင်းမှာဆက်လက် ထိန်းသိမ်းထားလိုတာကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ဖို့လည်း ဆွေးနွေးမှုတွေပြုလုပ်လိုနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
တစ်ဖက်မှာ အာနိုးလ်ကလည်း ကစားသမားဘဝ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားဖို့ စိတ်အားထက်သန်နေသလို၊ အင်္ဂလန်အသင်းဖော် ဂျုဒ်ဘယ်လင်ဟမ်နဲ့လည်း တွဲဖက်ကစားခွင့်ရဖို့ အခွင့်အရေးရှိနေလို့ ဆန်တီယာဂိုဘာနေဗျူးသို့ ပြောင်းရွှေ့သွားမလား စောင့်ကြည့်ရပါမယ်။