The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ စူပါလိဂ် စီစဉ်သူများက UEFA ထံ ဒေါ်လာ ၄ ဘီလီယံကျော် လျော်ကြေးတောင်းဆို

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စူပါလိဂ်ပြိုင်ပွဲ စီစဉ်သူတွေဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ ပြိုင်ပွဲကို မတရား ဖျက်ဆီးခဲ့တဲ့အတွက် နစ်နာဆုံးရှုံးမှုတွေအတွက် ဒေါ်လာ ၄ ဘီလီယံကျော်ကို လျော်ကြေးအဖြစ် တောင်းခံနေကြောင်း သတင်းရင်းမြစ်တစ်ခုက ကြာသပတေးနေ့မှာ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စပိန်တရားရုံးတစ်ခုက အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာ စူပါလိဂ်နဲ့ပတ်သက်ပြီး UEFA ရဲ့ အယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက်မှာ အခုလို လျော်ကြေးတောင်းဆိုမှု ဖြစ်ပေါ်လာတာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအပါအဝင် ဥရောပထိပ်သီး ကလပ် ၁၂ သင်းက ၂၀၂၁ ခုနှစ်မှာ အဆိုပြုခဲ့တဲ့ စူပါလိဂ် စီမံကိန်းဟာ အင်္ဂလန်ကလပ်တွေဆီက ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုနဲ့ UEFA၊ FIFA တို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စတင်ပြီး မကြာခင်မှာပဲ လျင်မြန်စွာ ပျက်သွားခဲ့ပါတယ်။

ဒါပေမဲ့ ဥရောပတရားရုံး (ECJ) က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စူပါလိဂ်ကို ပိတ်ပင်တားမြစ်ခဲ့တာဟာ ဥရောပသမဂ္ဂဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က စပိန်တရားသူကြီးတစ်ဦးကလည်း FIFA နဲ့ UEFA တို့ဟာ စူပါလိဂ် ကို ဆန့်ကျင်ခြင်းဖြင့် လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို တားဆီးခဲ့တယ် လို့ ပြောကြားခဲ့ပြီး၊ သူတို့ဟာ ပြိုင်ဆိုင်မှုဆန့်ကျင်တဲ့ အပြုအမူကို ကျင့်သုံးနေတာဖြစ်ပြီး ၎င်းတို့ရဲ့ လွှမ်းမိုးမှုကို အလွဲသုံးစားလုပ်နေတယ်လို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ 

ဗုဒ္ဓဟူးနေ့မှာ မက်ဒရစ်တရားရုံးက စပိန်လာလီဂါ နဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်တို့ တင်သွင်းတဲ့ အယူခံတွေကိုလည်း ထပ်မံပယ်ချခဲ့ပါတယ်။ စူပါလိဂ်ကို ဦးဆောင်သူ A22 Sports Management က "လပေါင်းများစွာ ဆွေးနွေးခဲ့ပေမဲ့ UEFA ဟာ ညှိနှိုင်းမှု နဲ့ ပြုပြင်ပြောင်းလဲမှု ဘယ်လမ်းကြောင်းကိုမဆို ငြင်းဆန်ခဲ့လို့ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးရဖို့ တရားစွဲဆိုတာကလွဲလို့ အခြားရွေးချယ်စရာမရှိတော့ဘူး" လို့ ဆိုခဲ့ပါတယ်။

"နှစ်ပေါင်းများစွာ ကြာလာတဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပြီးမှာ UEFA ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်ပြီး လျစ်လျူရှု လို့ မရတော့ဘူး။ သူတို့ရဲ့ တဦးတည်းချုပ်ကိုင်မှု ကို အလွဲသုံးစားလုပ်ပြီး စီမံကိန်းအသစ်တွေကို ပိတ်ပင်ခြင်းအားဖြင့် သူတို့ဟာ ဥရောပတစ်ဝှမ်းက ကလပ်အသင်းတွေ၊ ကစားသမားတွေနဲ့ အခြားသူတွေကို ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့ပါတယ်" လို့ A22 ရဲ့ အမှုဆောင်အရာရှိချုပ် ဘန်းဒ် ရိုင်းကတ်ခ် က ပြောပါတယ်။