အယ်လ်ကလက်စီကိုမှာ ပြိုင်ဘက်ပရိသတ်တွေထံ ရိုင်းပြတဲ့အမူအရာတွေပြုလုပ်ခဲ့လို့ ပွဲပယ်ခံရနိုင်တဲ့ ဘယ်လင်ဟမ်
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဟာ တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် ပြိုင်ဘက်ဘာစီလိုနာပရိသတ်တွေထံ ရိုင်းပြတဲ့အမူအရာနဲ့ အောင်ပွဲခံပြခဲ့လို့ အရေးယူခံရနိုင်ပြီး ပွဲပယ်ပြစ်ဒဏ်ကြုံတွေ့ရနိုင်တယ်လို့သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ ခီလီယန်အမ်ဘာပေ၊ ဘယ်လင်ဟမ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာလည်း ၂ ဘက်အသင်းကစားသမားတွေ ကွင်းဘေးမှာ အချင်းများခဲ့ကြပါသေးတယ်။
သတင်းတွေအရ ယခုအယ်လ်ကလက်စီကိုပွဲစဉ်မှာ ဘယ်လင်ဟမ်ဟာ ဂိုးသွင်းယူပြီးနောက် ဘာစီလိုနာပရိသတ်တွေဘက်သို့လှည့်ကာ ပေါင်ခွကြားကိုညွှန်ပြပြီး အောင်ပွဲခံခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါရိုင်းပြတဲ့အပြုအမူမျိုးကို ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အတွက်ဂိုးသွင်းယူပြီးနောက် ပြုလုပ်ခဲ့ဖူးပါတယ်။ ထိုစဉ်ကတော့ အင်္ဂလန်သားဟာ တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေပေါင် ၂ သောင်းခွဲအထိ ချမှတ်ခံခဲ့ရတာကြောင့် ယခုအခါမှာလည်း နောက်ထပ်တစ်ကြိမ်အရေးယူခံရနိုင်ချေရှိနေပါတယ်။ ရီးရဲလ်နဲ့ဘာစီလိုနာတို့ထိပ်တိုက်တွေ့ဆုံတဲ့ အယ်လ်ကလက်စီကိုပွဲစဉ်ဟာ နှစ်ဖက်အသင်းကစားသမားတွေအကြား အငြင်းပွားမှုတွေအကြိမ်ကြိမ်ဖြစ်ပေါ်စေခဲ့သလို၊ ဘာစီလိုနာကွင်းလယ်လူ ပီဒရီအနေနဲ့လည်း ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရပေမယ့် မီဒီယာတွေကတော့ ဘယ်လင်ဟမ်ရဲ့အပြုအမူကိုလည်း သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။
လောလောဆယ်အထိတော့ လာလီဂါစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဘယ်လင်ဟမ်ကို အရေးယူမှုပြုလုပ်သွားမှာလည်း ဒါမှမဟုတ် သတိပေးချက်ထုတ်ပြန်ပြီး လျစ်လျူရှုသွားမလားဆိုတာတော့ အခုချိန်အထိ မရှင်းလင်းသေးပါဘူး။ သို့သော်လည်း ဘယ်လိုရလဒ်ပဲထွက်လာသည်ဖြစ်စေ ဘယ်လင်ဟမ်အနေနဲ့ အခုလိုမလိုလားအပ်တဲ့အမူအရာတွေနဲ့ အောင်ပွဲခံမှုတွေကိုတော့ စွန့်စားမှုယူပြီး မပြုလုပ်သင့်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုထားကြပါတယ်။
ဘာစီလိုနာကို အနိုင်ရခဲ့တာကြောင့် ယခုအခါမှာ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေဦးဆောင်ထားပြီး ဘာစီလိုနာကို ၅ မှတ်အထိဖြတ်တောက်ထားပါတယ်။