အယ်လ်ကလက်စီကိုဆုတ်ယုတ်မှုအပြီး တည်တည်ငြိမ်ငြိမ်၊ စုစုစည်းစည်းရှိဖို့ တိုက်တွန်းလိုက်တဲ့ လာပေါ်တာ
တနင်္လာနေ့မွန်းလွဲပိုင်း၊ ဘာစီလိုနာအသင်းလေ့ကျင့်ရေးကွင်း Ciutat Esportiva Joan Gamper မှာ တင်းမာတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်အပြီး ၂၄ နာရီအတွင်းမှာပဲ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာက တည်ငြိမ်အေးဆေးမှုရှိဖို့၊ စည်းစည်းလုံးလုံးရှိဖို့နဲ့ အသင်းရဲ့စီမံကိန်းတွေအပေါ်ယုံကြည်ထားဖို့ဆိုတဲ့ သတင်းစကားတစ်ခုပေးပို့နိုင်ရန် လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာပါတယ်။
လာပေါ်တာရဲ့ခရီးစဉ်က သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး နည်းပြချုပ်ဟန်စီဖလစ်ခ်၊ အားကစားဒါရိုက်တာဒေကိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကြံ့ခိုင်မှုလေ့ကျင့်ရေးအစီအစဉ်အပြီး လေ့ကျင့်ရေးကွင်းမှ ကစားသမားအများစု ပြန်လည်ထွက်ခွာသွားပေမဲ့ လာပေါ်တာက လူငယ်ကြယ်ပွင့်လမိုင်းယာမယ်လ်အပါအဝင် ကစားသမားအချို့နဲ့ သီးသန့်စကားပြောနိုင်ဖို့ အချိန်ယူခဲ့ပါတယ်။
သတင်းတွေအရ လာပေါ်တာက ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ ကွင်းတွင်းကွင်းပြင် ကတောက်ကဆဖြစ်ခဲ့တဲ့ လမိုင်းယာမယ်လ်ကို နှစ်သိမ့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာပေါ်တာက လာမယ့်သီတင်းပတ်တွေအတွင်း လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ဒါနီအိုလ်မိုနဲ့ ဂျိုအမ်ဂါစီယာတို့လို အဓိကကစားသမားတွေ ပြန်လာနိုင်ဖွယ်ရှိမှု ကိုထောက်ပြရင်း သူ့ရဲ့အကောင်းမြင်စိတ်ကို ဝေမျှခဲ့ပါတယ်။ ဆက်လက်ပြီး လာပေါ်တာက အခက်အခဲကာလတွေမှာ အသင်းအပေါ် လမ်းညွှန်မှုပေးနိုင်တဲ့ ဟန်စီဖလစ်ခ်ရဲ့စွမ်းရည်အပေါ် အမြင့်ဆုံးယုံကြည်မှုပြသခဲ့ပြီး ကလပ်အသင်းမှာရှိနေသူတိုင်းကို လက်ကျန်ဘောလုံးရာသီကာလရှည်ကြီးအတွက် အာရုံစိုက်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။
သတင်းတွေအရ ဘာစီလိုနာဥက္ကဋ္ဌကိုယ်တိုင်လည်း အသင်းမှာ ဒဏ်ရာနဲ့ ပင်ပန်းနွမ်းလျမှုတွေအပေါ် အခြေခံတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာသာ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။လက်ရှိမှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် ငါးမှတ်လျော့နည်းနေပေမဲ့ ပွဲစဉ်ဇယားကျပ်တည်းမှုလျော့ကျချိန်နဲ့ ကစားသမားအင်အားပြန်လည်ပြည့်ဝလာချိန်တွေမှာ အားနည်းချက်တွေကို စီမံခန့်ခွဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။