The network connection is lost.

Banner Image

အန်ဆယ်လော့တီရဲ့ မှတ်ချက်ထွက်ပေါ်လာပြီးနောက် CWC ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို အတည်ပြုပေးလာတဲ့ ရီးရဲလ်မက်ဒရစ်

နည်းပြ အန်ဆယ်လော့တီရဲ့မှတ်ချက်စကားရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ပြိုင်ပွဲဝင်အရေအတွက်တိုးချဲ့ထားတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ လာမယ့်နှစ်၊ ဇွန်၊ ဇူလိုင်လတွေ အတွင်း ကျင်းပဖို့စီစဉ်ထားတဲ့ ပုံစံသစ်ပြိုင်ပွဲမှာ ကမ္ဘာတစ်လွှားမှ ပြိုင်ပွဲဝင်ကလပ်အသင်း ၃၂ ခုအထိ ပါဝင်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ 
 
ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ကလပ်အသင်းအများစုလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဒီအသင်းတွေထဲမှာ လက်ရှိဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်ပါတယ်။ မေးမြန်းခန်းအစီအစဉ်တစ်ခုမှာ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အနေဖြင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖိတ်ကြားလာမှုကို ငြင်းပယ်ကာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မယူထားကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်း တရားဝင်ဝက်ဘ်ဆိုဒ်မှတဆင့် ထုတ်ပြန်လာတဲ့ ကြေညာချက်မှာတော့ နည်းပြကြီးရဲ့မှတ်ချက်စကားအပေါ် အားနည်းသွားစေမယ့် သူတို့ရဲ့ရပ်တည်မှုအကြောင်း အလေးထား ဖော်ပြလာပါတယ်။
 
ဒီကြေညာချက်မှာ “လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ဖီဖာမှ ကြီးမှူးကျင်းပမယ့် ပုံစံသစ်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပူးပေါင်းပါဝင်ဖို့ အချိန်မရှိဘူးဆိုတာ မေးခွန်းထုတ်စရာကောင်းလှပါတယ်။ ဒါကြောင့် ကလပ်အသင်းဘက်တော့ စီစဉ်ထားတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်သွားရပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ကလပ်အသင်းပရိသတ်တွေရဲ့ အိပ်မက်တွေကို ထပ်မံရှင်သန်လာစေဖို့ ဂုဏ်ယူမှုအပြည့်နဲ့ အစွမ်းကုန်အားထုတ်ယှဉ်ပြိုင်ကစားသွားပါမယ်”လို့ ဖော်ပြထားပါတယ်။
 
အန်ဆယ်လော့တီကိုယ်တိုင်လည်း သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်လို့ X လူမှုကွန်ရက်မှတဆင့် ယမန်နေ့(တနင်္လာနေ့)မှာ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ အီတာလျံဝါရင့်နည်းပြကြီးက “တွေ့ဆုံးမေးမြန်းခန်းအစီအစဉ်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်သုံးစွဲခဲ့တဲ့စကားလုံးတွေက ရည်ရွယ်ထားတဲ့အတိုင်း အဓိပ္ပါယ်မဆောင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်နဲ့အတူ နောက်ထပ်ဆုဖလားတစ်ခုအတွက် တိုက်ပွဲဝင်နိုင်မယ့်အခွင့်အလမ်းလို့ရှုမြင်ထားတဲ့ ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ကို ငြင်းဆိုသွားမယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် စိတ်ဝင်စားနေတဲ့အရာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
 
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းအရေအတွက်တိုးချဲ့လိုက်မှုကို Fifpro နဲ့ World League Association တို့အပါအဝင် ဘောလုံးလောက အဖွဲ့အစည်းများစွာက ဝေဖန်ခဲ့ကြပါတယ်။ ဝေဖန်သူတွေက အခုလိုပုံစံသစ်ဖြင့် ကျင်းပမှုဟာ လိဂ်ပြိုင်ပွဲတွေရဲ့ စီးပွားရေးကဏ္ဍကို ထိခိုက်စေသလို ကစားသမားတွေရဲ့ အကျိုးစီးပွားအပေါ် အနုတ်သဘောဆောင်တဲ့ သက်ရောက်မှု ရှိစေလို့ ပြိုင်ပွဲပုံစံကို ပြန်လည်ရေးဆွဲဖို့ တိုက်တွန်းခဲ့ကြပါတယ်။
 
ပရီးမီးယားလိဂ်နဲ့ လာလီဂါတို့လို ထိပ်တန်းလိဂ်ပြိုင်ပွဲတွေဘက်ကလည်း ကလပ်ကမ္ဘာ့ဖလားပုံစံသစ်နဲ့ ပတ်သက်လို့ သပိတ်မှောက်ဖို့အထိ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် ဖီဖာဘက်ကတော့ အစီအစဉ်အတိုင်း ဆက်လုပ်သွားရန် ဆုံးဖြတ်ထားပါတယ်။ ပုံစံသစ်ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပအခြေစိုက်ကလပ်အသင်း ၁၂ ခု၊ တောင်အမေရိကအခြေစိုက်ကလပ်အသင်း ခြောက်ခု၊ ကွန်ကာကပ်ဖ်၊ အာဖရိက၊ အာရှဒေသမှ ကလပ်အသင်းလေးခုစီ၊ သမုဒ္ဒရာပိုင်းဇုန်မှ ကလပ်အသင်းတစ်ခု၊ အိမ်ရှင်နိုင်ငံရဲ့ကလပ်အသင်းတစ်ခု ပါဝင်ယှဉ်ပြိုင်ပါလိမ့်မယ်။