The network connection is lost.

Banner Image

အဲရစ်ဆင်ရဲ့နှလုံးအခြေအနေကို ဂရုစိုက်ဖို့လိုအပ်နေကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယမန်နေ့ညက တော့တင်ဟမ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်လူ ခရစ်ရှင်အဲရစ်ဆင်ဟာ နေမကောင်းဖြစ်နေကြောင်းနဲ့ နှလုံးအခြေအနေကို ဂရုစိုက်ဖို့လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အဲရစ်ဆင်ကို ယခုပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် ကစားသမားဟာ နေမကောင်းဖြစ်နေခဲ့တာကြောင့် လူစာရင်းကနေချန်လှပ်ခံထားခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ကွင်းလယ်မှာ ကတ်စ်မဲရိုးကို ပွဲထုတ်ခဲ့ပြီး အရန်ခုံမှာ အသင်းရဲ့အကယ်ဒမီကစားသမားလေးတွေကိုနေရာချထားခဲ့ရပါတယ်။ လူစာရင်းမတောင့်တင်းမှုနဲ့အတူ ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ၁-၀ နဲ့ရှုံးနိမ့်ကာ ယခုအခါမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာသို့ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အဲရစ်ဆင်ကိုချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အာမိုရင်က "အဲရစ်ဆင်ရဲ့နှလုံးအခြေအနေက ဂရုစိုက်ဖို့လိုအပ်နေပါတယ်။ နှလုံးနဲ့သက်ဆိုင်တဲ့ပြဿနာဆိုပေမယ့် အဓိကဂရုစိုက်ဖို့လိုတာ သူ့ရဲ့နှလုံးခုန်နှုန်းပါ။ ပြီးတော့ သူနေမကောင်းလည်းဖြစ်နေလို့ နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ဖို့လိုအပ်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အဲရစ်ဆင်ဟာ ၂၀၂၁ ခုနှစ်က ဖင်လန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရင်း ရုတ်တရက်နှလုံးရပ်ကာ ကွင်းထဲမှာ လဲကျခဲ့ဖူးတာဖြစ်ပါတယ်။သို့သော်လည်း ကစားသမားဟာ ဘောလုံးကွင်းထဲသို့ပြန်လာနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်အတွက် ခြေစွမ်းကောင်းတွေပြသခဲ့ကာ နောက်ပိုင်းမှာ ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားသမားကို ဂရုစိုက်ဖို့လိုတာကြောင့် အခုလို နေမကောင်းဖြစ်နေချိန်တွေမှာ စွန့်စားမှုမယူဘဲ လူစာရင်းကနေ ချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာမိုရင်ရဲ့ပြောစကားအရ ဒိန်းမတ်လက်ရွေးစင်ရဲ့အခြေအနေဟာ အဆိုးဝါးကြီးမဟုတ်တာကြောင့် လာမယ့်အပတ် အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ချေရှိပါတယ်။ အဆင့် ၁၅ မှာရပ်တည်နေတဲ့ယူနိုက်တက်ဟာ အဲဗာတန်ကို ဂူဆင်ပါ့ခ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒေးဗစ်မိုယက်စ်အနေနဲ့ အသင်းဟောင်းကို အနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား ယူနိုက်တက်ကပဲ နိုင်ပွဲပြန်လည်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။