
လူငယ်တိုက်စစ်မှူးဆီကနေ အများကြီးမျှော်လင့်ထားတဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုက လူငယ်တိုက်စစ်မှူး ဂါစီယာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပြီး ရာအူးလ်နဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းလိုက်ပါတယ်။ ဂါစီယာဟာ ဆဲလ်ဘတ်ဂျ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အလွန်ဆိုရဲ့နှစ်ခြိုက်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ တိုက်စစ်ပိုင်းမှာ ဦးနှောက်သုံးပြီးရွှေ့လျားနိုင်သလို တည်ငြိမ်မှု ကိုလည်းပြသနိုင်ခဲ့ကာ အလွန်ဆိုက ဂန္ထဝင်ဟောင်း ရာအူးလ်နဲ့ဆင်တူတယ်လို့ ခိုင်းနှိုင်းခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ တိုက်စစ်ပိုင်းမှာထိပ်တန်းကစားသမားတွေရှိနေပြီး အလွန်ဆိုကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ထက် အသင်းလိုက်စွမ်းဆောင်ရည်ကိုသာ အလိုရှိနေပါတယ်။ စပိန်သားနည်းပြက ဂါစီယာဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အားထားရတဲ့ကစားသမားဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် အသင်းရဲ့ခံစစ်ပိုင်းလုပ်အားနှုန်းကိုလည်း ချီးကျူးခဲ့ပါတယ်။
“ကျွန်တော် ဂွန်ဇာလိုရဲ့စွမ်းဆောင်ရည်ကို သံသယမရှိပါဘူး။ သူဘာလုပ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးလည်း မအံ့သြပါဘူး။ သူဒီမှာ အကြိမ်ရေတော်တော်များများလုပ်ပြထားနိုင်ပါတယ်။ သူက ထိပ်တန်းတိုက်စစ်မှူးဖြစ်လာနိုင်သလို အခွင့်အရေးဘယ်လိုယူရမလဲဆိုတာရယ် ဘယ်လိုရွှေ့လျားရမယ်ဆိုတာကို သိပါတယ်။ ကျွန်တော်သူ့အတွက် အရမ်းပျော်မိသလို သူ့မှာရာအူးလ်လိုအရည်အချင်းရှိပါတယ်။ လာမယ့်ရာသီသစ်မှာ သူပွဲထွက်ခွင့်ရမလားဆိုတာကတော့ မဆုံးဖြတ်ရသေးပါဘူး”လို့ အလွန်ဆိုက ဖြေကြားခဲ့ပါတယ်။
ရီးရဲလ်ဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အလွန်ဆိုက လာမယ့်ရာသီအသင်းလူစာရင်းမှာ ဂါစီယာနေရာပေးမလားဆိုတာ အတည်မပြုသေးတာဖြစ်ပြီး တကယ်လို့စွမ်းဆောင်ရည်ကောင်းဆက်ပြသနိုင်ခဲ့ရင် မိနစ်အနည်းငယ်ပေးဖွယ်ရှိနေပါတယ်။