
စွမ်းဆောင်ရည်ကျဆင်းနေတဲ့ အမ်ဘာပေ၊ ဗင်နီစီးယက်စ်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ့် အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ခီလီယန်အမ်ဘာပေနဲ့ ဗင်နီစီးယက်စ်ဂျူနီယာတို့ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုအပေါ် မကျေမနပ်ဖြစ်နေပြီး ယခုအခါမှာတော့ ကစားသမား ၂ ယောက်စလုံးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
အလွန်ဆိုဟာ ယခုနွေရာသီမှာ လေဗာကူဆင်မှ ရီးရဲလ်မက်ဒရစ်သို့ နည်းပြဘဝနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားမှာ သူ့ရဲ့အစွမ်းအစကိုပြသဖို့ မျှော်လင့်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီကို ၄-၀ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ပါတယ်။
ဒါကြောင့် ယခုအခါမှာတော့ အလွန်ဆိုဟာ အသင်းရဲ့လုပ်အားနှုန်းအပေါ် အားမလိုအားမရဖြစ်နေပြီး အမ်ဘာပေနဲ့ ဗင်နီစီးယက်စ်တို့ကို တွန်းအားပေးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စပိန်အခြေစိုက် Marca သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ဦးဆောင်မှုပိုင်းမှာပြဿနာရှိနေပြီး အဆိုပါပြဿနာတွေက ကစားသမားတွေကို ပြီးခဲ့တဲ့ရာသီကတည်းက ရိုက်ခတ်နေခဲ့တာဖြစ်တယ်လို့ Marca ကဆိုပါတယ်။
ဗင်နီစီးယက်စ်အနေနဲ့လည်း ၂၀၂၄ ဘောလွန်းဒီအော်ဆိုနဲ့လွဲချော်ခဲ့ပြီးကတည်းက စွမ်းဆောင်ရည်အတော်လေးကျဆင်းသွားခဲ့ပြီး အမ်ဘာပေကလည်း ၄၄ ဂိုးသွင်းယူခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကလောက်ခြေစွမ်းမျိုး အခုချိန်မှာ မရှိတော့ဘူးလို့ ရီးရဲလ်မက်ဒရစ်ဘက်က ယူဆထားပါတယ်။ ဒါကြောင့် အလွန်ဆိုအနေနဲ့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်တိုးတက်လာရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်လို့ လာမယ့်ရာသီမှာ ကစားသမား ၂ ဦးစလုံးကို ပုံမှန်ခြေစွမ်းနဲ့ပြန်လည်မြင်တွေ့ရမလား စောင့်ကြည့်သွားရပါမယ်။