
ချဲလ်ဆီးလူငယ်စတားဟာ မာဒူကီနေရာမှာအစားဝင်နိုင်ချေမရှိသေးဘူးလို့ မာရက်စ်ကာ ဝန်ခံပြောကြား
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက လူငယ်စတား ဂျော့ဂျ်ဟာ မာဒူကီနေရာမှာ ၁၀၀% အစားဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။ မာဒူကီဟာ ဘရိုက်တန်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၆ ပွဲလောက် လွဲချော်တော့မှာဖြစ်ပါတယ်။ ဗီလာနဲ့ပွဲမတိုင်ခင် မာရက်စ်ကာအတွက် ခေါင်းခဲစရာဖြစ်နေပြီး ဂျက်ဆင် ၊ ဖိုဖာနာ ၊ ဘာဒိုင်းရှီလီ ၊ လီဗီယာတို့ မပါဝင်နိုင်သေးတာဖြစ်ပါတယ်။ ဆန်ချိုကို မာဒူကီနေရာမှာ ဝင်ကစားခိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အကယ်ဒမီထွက်ကစားသမားလေး ဂျော့ဂျ်ကို အသုံးပြုဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။
“ကံမကောင်းစွာနဲ့ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိပါဘူး။ ဒဏ်ရာပြဿနာတွေက အတူတူပါပဲ။ ကျွန်တော်တို့မှာ နောက်ထပ်ဒဏ်ရာရကစားသမားမရှိပါဘူး။ မာဒူကီက နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်အထိ နားရမှာပါ။ ဂျက်ဆင် ၊ ဖိုဖာနာ ၊ လီဗီယာ ၊ ဂူအီတို့လည်း ဒဏ်ရာရနေပါတယ်။ဒဏ်ရာရကစားသမားတွေက လာမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပြန်လာနိုင်လောက်ပါတယ်။ အဲ့တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့အားတက်စရာပါ။ ဂျော့ဂျ်က ငယ်ရွယ်နေပါသေးတယ်။ မာဒူကီနေရာမှာ သူအစားဝင်ဖို့ ၁၀၀% မသေချာသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေများနေပါတယ်။
ကျွန်တော်တို့ ရှိတဲ့ကစားသမားတွေကို အသုံးပြုရပါမယ်။ သူက ငယ်ရွယ်တဲ့ကစားသမားဖြစ်ပေမယ့် အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ရွေးချယ်စရာမရှိတော့ရင် ကျွန်တော်တို့ သူ့ကိုအခွင့်အရေးပေးဖို့ လိုအပ်ပါတယ်။ သူ့ကိုအခွင့်အရေးအများကြီးပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ပြီးတော့ သူကလည်း ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗီလာကိုအနိုင်ရခဲ့မယ်ဆိုရင် ထိပ်ဆုံး ၄ သင်းနေရာကို တက်ရောက်နိုင်မှာဖြစ်ပြီး ခက်ခဲဖွယ်ရှိနေပါတယ်။ “အမ်မရီရောက်လာပြီးကတည်းက သူတို့အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒီရာသီသူတို့ချန်ပီယံလိဂ်မှာ လုပ်ဆောင်ခဲ့တာတွေကို ခင်ဗျားမြင်နိုင်ပါတယ်။ အဲ့တာက သူတို့အတွက် မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားပါ။ ဒီရာသီမှာလည်း သူတို့ထိပ်ဆုံး ၄ သင်းနေရာအတွက် တိုက်ပွဲဝင်နေပါတယ်။ ဒါကြောင့် သူတို့နဲ့ရင်ဆိုင်ရတာက ခက်ခဲနိုင်ပါတယ်။ သူတို့ကစားဟန်ကို သူတို့သိပါတယ်။ နည်းပြကလည်း အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။