The network connection is lost.

Banner Image

ဘက်တစ်ကို အနိုင်ယူပြီး ကွန်းဖရန့်လိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ချဲလ်ဆီး

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ်မှာ ချဲလ်ဆီးဟာ ရီးရဲလ်ဘက်တစ်ကို နောက်ကနေလိုက်အနိုင်ယူပြီး ချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘက်တစ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ အက်ဇယ်ဇူလီက ဘယ်ခြေကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက ချေပဂိုးအတွက် တိုက်စစ်မြှင့်တင်လာခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ဖို့ရုန်းကန်ခဲ့ရပြီး ၆၅ မိနစ်ရောက်မှသာ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ 

ချဲလ်ဆီးအတွက်ချေပဂိုးကို ကိုးလ်ပယ်မာရဲ့ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် အန်ဇိုဖာနန်ဒက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ၅ မိနစ်အကြာမှာ ပယ်လ်မာရဲ့ဖြတ်တင်ဘောကနေပဲ နီကိုးလက်စ်ဂျက်ဆန်က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ 

ထို့နောက်မှာတော့ ချဲလ်ဆီးအတွက်အနိုင်သေချာစေမယ့်ဂိုးတွေကို ဂျေဒန်ဆန်ချိုနဲ့ ကိုင်စီဒိုတို့က ဆက်လက်သွင်းယူခဲ့ကြပြီး ကွန်းဖရန့်လိဂ်ချန်ပီယံတွေအဖြစ် အောင်ပွဲခံခဲ့ကြပါတယ်။ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားခဲ့တဲ့ ချဲလ်ဆီးဟာ ယခုအခါမှာ ဆုဖလားတစ်လုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့တာကြောင့် နည်းပြ အန်ဇိုမာရက်စ်ကာအနေနဲ့ ပွဲဦးထွက်ရာသီမှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ယခုပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာ ရီးရဲလ်ဘက်တစ်က ချဲလ်ဆီးထက် ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး ဘောလုံးထိန်းချုပ်ကာ သွင်းဂိုးရရှိအောင်လည်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။သို့သော်လည်း ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးက သိသာထင်ရှားတဲ့လူစားလဲမှုတွေပြုလုပ်ခဲ့ပြီး ဂူစတိုရဲ့နေရာမှာ ရီစီဂျိမ်းစ်ကို ထည့်သွင်းခဲ့သလို၊ ဆန်ချိုနဲ့ ကိုဝဲလ်တို့ကိုလည်း တပြိုင်နက် အစားထိုးထည့်သွင်းခဲ့ပါတယ်။ 

လူစားလဲမှုတွေပြုလုပ်ပြီးနောက်မှာတော့ ချဲလ်ဆီးရဲ့ကစားပုံက အတော်လေးတိုးတက်လာခဲ့ပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ရလဒ်ကို အဓိကပုံဖော်ပေးခဲ့တဲ့ကစားသမားဟာ ကိုးလ်ပယ်မာဖြစ်ပြီး အင်္ဂလန်သားဟာ ဂိုးဖန်တီးမှု ၂ ကြိမ်ကို ၅ မိနစ်အတွင်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

ဆန်ချိုရဲ့သွင်းဂိုးကလည်း အတော်လေးလှပခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့်ဟောင်ဟာ သူ့ရဲ့ပုံစံအတိုင်း ဘယ်ဘက်တောင်ပံမှတစ်ဆင့် ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ စတုတ္ထမြောက်သွင်းဂိုးကိုတော့ ချဲလ်ဆီးရဲ့ ယခုနှစ်ရာသီအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးထားတဲ့ ကိုင်စီဒိုက ဂိုးဧရိယာအစပ်မှ အပြင်းကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။