
အင်တာထံပြောင်းဖို့ မီးစိမ်းပြလိုက်တဲ့ ယူနိုက်တက်စတား
သတင်းတွေအရ ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းတစ်ယောက် အင်တာမီလန်အသင်းထံပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အင်တာမီလန်အသင်းဟာ အခုနွေရာသီမှာ ၃ နေရာလောက်အထိ အားဖြည့်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ အင်တာမီလန်ဥက္ကဌ မာရော့တာ နဲ့ အားကစားဒါရိုက်တာ အော်စီလီယိုတို့ကတော့ ပစ်မှတ်တွေသတ်မှတ်ထားပြီးဖြစ်ကာ ဟွိုက်လန်း ပါဝင်နေပါတယ်။
အင်တာဘက်က ယူနိုက်တက်စတားကို ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ အင်ဇာဂီကတော့ အသင်းကနေထွက်ခွာဖွယ်ရှိနေပြီး အင်တာဘက်က ပါးမားအသင်းနည်းပြ ချီဗာနဲ့အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ အင်တာမီလန်ဟာ ဟွိုက်လန်းအပြင် ကိုမိုအသင်းထံကနေ နီကိုပက်ဇ် နဲ့ ပါးမားအသင်းကနေ လီယွန်နီတို့ကို ပစ်မှတ်ထားနေပါတယ်။ အော်စီလီယိုဟာ ဟွိုက်လန်းတာဝန်ရှိသူတွေနဲ့ ရက်သတ္တပတ်အတော်ကြာစကားပြောဆိုထားပြီးဖြစ်ကာ ကစားသမားဘက်က ပြောင်းရွှေ့ဖို့ မီးစိမ်းပြထားတယ်လို့ သိရပါတယ်။
အင်တာမီလန်ဟာ မာဆေးလ်အသင်းထံကနေ ဟင်းနရစ်ကို ပေါင် ၂၁ သန်းနဲ့ခေါ်ယူထားနိုင်ခဲ့ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ကိုခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက် အင်တာဟာ ချီဗာကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ၂ နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အော်စီလီယို နဲ့ မာရော့တာတို့က ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် အပြောင်းအရွှေ့အနည်းငယ်ကို အပြီးသတ်ချင်နေပါတယ်။