The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတစ်နှစ် တိုးမြှင့်လိုက်တဲ့ ရာဖင်ဟာ

၂၀၂၈ ခုနှစ်၊နွေရာသီကာလအထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို အသင်းခေါင်းဆောင်ရာဖင်ဟာ လက်မှတ်ရေးထိုးလိုက်ပြီလို့ ဘာစီလိုနာအသင်းက အတည်ပြုကြေညာပါတယ်။ ယမန်နေ့(ကြာသပတေးနေ့)မှာပဲ ကတ္တလန်ဘီလူးကြီးတွေက အခုဘောလုံးရာသီမှာ အသင်းအတွက် ၃၄ ဂိုးအထိ သွင်းယူပြီး လာလီဂါချန်ပီယံဆုနဲ့ ကိုပါဒယ်လ်ရေးဆုဖလားတို့ကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့တဲ့ ဘရာဇီးသားရဲ့လက်ရှိစာချုပ်သက်တမ်းကို နောက်ထပ်တစ်နှစ်တိုးနိုင်ခဲ့ပြီလို့ ကြေညာခဲ့တာပါ။

အခုအပြောင်းအလဲက ရာဖင်ဟာအတွက်တော့ အတော်လေးအမှတ်ရစရာ ကောင်းနေပါလိမ့်မယ်။ ဘာစီလိုနာကစားသမားဘဝအဖွင့်ဘောလုံးရာသီနှစ်ခုမှာ ထူးထူးခြားခြားမစွမ်းဆောင်ပြနိုင်ခဲ့တဲ့ ဘရာဇီးသားက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ဟန်စီဖလစ်ခ်မရောက်လာခင်အချိန်အထိ အသင်းမှ ထွက်ခွာရလုနီးပါး ဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ ရာဖင်ဟာက ဘာစီလိုနာအသင်းကပ္ပတိန်တာဝန်ထမ်းဆောင်ရင်း ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံးပုံစံရရှိနေလို့ ဘော်လွန်းဒီအော်ဆုအတွက်ပါ ယှဉ်ပြိုင်နိုင်သူတစ်ဦး ဖြစ်လာပါတယ်။

ဘာစီလိုနာဆီ ပြောင်းရွှေ့လာပြီးနောက် လိဒ်ကြယ်ပွင့်ဟောင်းရာဖင်ဟာက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ အသင်းအတွက် ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၂ ကြိမ် စွမ်းဆောင်ခဲ့ပါတယ်။ နောက်ရာသီမှာတော့ သူက ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဟန်စီဖလစ်ခ်ရောက်ရှိလာတဲ့ အခုဘောလုံးရာသီမှာတော့ သူက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၆ ပွဲသာ ကစားထားပေမယ့် ၃၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိ စွမ်းဆောင်ခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့၊ လာလီဂါရာသီပိတ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ယှဉ်ပြိုင်ကစားရမယ့် ဘာစီလိုနာရဲ့ပွဲစဉ်မှာ ဘရာဇီးလက်ရွေးစင်ရာဖင်ဟာက ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေ ဆက်လက်ရယူပြီး သူ့ရဲ့ဘောလုံးရာသီကို အမြင့်ဆုံးပုံစံနဲ့ပိတ်သိမ်းဖို့ မျှော်လင့်နေပါလိမ့်မယ်။